Realme ဟာ ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ Mid-range အမျိုးအစားဖြစ်တဲ့ ဈေးနှုန်း ၂ သိန်းဝန်းကျင်နဲ့ Realme C15 ကို မိတ်ဆက်ခဲ့ပါတယ်။ C15 ဟာ MediaTek Helio G35 chipset ကို အသုံးပြုထားတာဖြစ်ပါတယ်။ ဒါပေမယ့် ကုမ္ပဏီက Qualcomm Edition ကို ထပ်ပြီး ဖြန့်ချိဖို့ စီစဉ်နေတယ်လို့ သတင်းထွက်လာပါတယ်။

နာမည်ကျော် Tipster ဖြစ်တဲ့ Mukul Sharma ကတော့ CPU အမျိုးအစားသစ်နဲ့ Realme C15 ကို မိတ်ဆက်မယ်လို့ အခိုင်အမာပြောလိုက်ပြီး အဓိကအချက်အလက် အချို့ကိုလည်း တွစ်တာမှာ မျှဝေသွားပါသေးတယ်။ Realme ဟာ Realme C11, Realme C12 နဲ့ Realme C15 အားလုံးကို MediaTek chipset တွေနဲ့ပဲ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သြဂုတ်လတုန်းက 91mobiles နဲ့ အင်တာဗျူးတစ်ခုမှာလည်း Realme CEO Madhav Sheth က “ဖောက်သည်တွေက တောင်းဆိုလာရင်တော့ ကျွန်တော်တို့အနေနဲ့ C11, C12 နဲ့ C15 တို့ရဲ့ Qualcomm ဗားရှင်းတွေကို သိပ်မဝေးတဲ့အနာဂတ်မှာ ဖြန့်ချိတာလည်း ဖြစ်နိုင်ပါတယ်” လို့ ဖြေသွားခဲ့ဖူးပါတယ်။ ဒါကြောင့် အခု Realme C15 Qualcomm ဗားရှင်းပေါ်ထွက်လာပြီးတဲ့နောက် C11 နဲ့ C12 တို့ရဲ့ Qualcomm ဗားရှင်းတွေကိုလည်း တွေ့မြင်ရဖွယ် ရှိပါတယ်။

သတင်းယိုစိမ့်မှုအရ Realme C15 Qualcomm Edition ဟာ 4GB of RAM + 64GB storage နဲ့ 3GB of RAM + 32GB storage ဆိုပြီး နှစ်မျိုးနှစ်စားရှိမယ်လို့ သိရပါတယ်။ Power Blue နဲ့ Power Silver ဆိုပြီး အရောင်နှစ်မျိုးလည်း ရွေးချယ်နိုင်မယ်လို့သိရပေမယ့် ကျန်တဲ့အစိတ်အပိုင်းတွေရဲ့ အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

ဆက်စပ်သတင်းတွေအရ RMX2195 ဟာ Wi-Fi Alliance, SIRIM (Malaysia), IMDA (Singapore) နဲ့ CQC (China) စတဲ့ အဖွဲ့အစည်းတွေဆီကနေ Certifications တွေကိုလည်း ရရှိထားတယ်လို့ သိရပါတယ်။ CQC listing အရ ဒီ Device ဟာ 5,860mAh ဘက်ထရီနဲ့ 18W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ထားကြောင်းလည်း တွေ့ရပါတယ်။ ဒါကြောင့် RMX2195 ဟာ Realme C15 Qualcomm ဗားရှင်းဖြစ်မယ်လို့ ယူဆရပါတယ်။

Ref: Gizmochina