realme 7 နဲ့ realme 7 Pro ကို နောက်လ ၃ ရက်နေ့မှာ မျက်ဝါးထင်ထင် မြင်ရတော့မှာ ဖြစ်ပြီး အဲဒီထဲက အနည်းဆုံး ၁ လုံးမှာ Chipset အသစ်စက်စက်ကို အသုံးပြုထားမှာ ဖြစ်တဲ့အတွက် စိတ်ဝင်စားစရာကောင်းနေပါတယ်။ realme India ရဲ့ CEO နဲ့ Europe ရဲ့ အသစ်စက်စက် CEO ဖြစ်လာတဲ့ Madhav Sheth က ဟန်းဆက်အသစ်တွေကို အိန္ဒိယမှာ ရောင်းမှာ ဖြစ်တယ်လို့ တွစ်တာမှာ ကြေညာလိုက်ပြီး ၁၀ စက္ကန့်ကြာ ဗီဒီယို ၁ ခုကိုလည်း တင်ထားပါတယ်။

ဗီဒီယိုမှာ CEO ဂိမ်းကစားနေတာကို ပြသထားတဲ့အတွက် ဂိမ်မာတွေအကြိုက် အလန်းစား Chipset ပါလာဖွယ်ရှိပါတယ်။ ဖုန်းကိုင်ထားတဲ့ သူ့လက်နဲ့ ကာနေတဲ့အတွက် ဖုန်း အနောက်ဘက်ကို ရှင်းရှင်းလင်းလင်း မမြင်ရပါဘူး။ ဒါပေမယ့် အနောက်ဘက် ကင်မရာ တချို့ကို မြင်ရပြီး ၃ လုံး၊ ၄ လုံးလောက် ထည့်ထားနိုင်ပါတယ်။

ပါဝါ ခလုတ်ဟာ  ညာဘက်မှာ ငေါထွက်နေတာ မြင်ရတဲ့အတွက် လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားမှာ မဟုတ်ပါဘူး။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ပါလာနိုင်တဲ့အတွက် ဒါဟာ ရိုးရိုး realme 7 မဟုတ်ဘဲ realme 7 Pro ဖြစ်နိုင်ပါတယ်။

မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ဖြစ်တဲ့အတွက် OLED Panel ထည့်သွင်းထားနိုင်ပါတယ်။ realme Number Series ထဲမှာ OLED Panel ပါတဲ့ ပထမဆုံး စမတ်ဖုန်းတွေ ဖြစ်လာမှာပါ။ အဲဒီ Specs တွေကို realme X7 Pro မှာလည်း ထည့်သွင်းထားမယ်လို့ ယူဆရပါတယ်။ realme 7 Series နဲ့ realme X7 Series တွေဟာ မတူညီတဲ့ ဖုန်းတွေလား၊ နိုင်ငံတကာနဲ့ တရုတ် အတွက် နာမည်ပြောင်း ရောင်းချတာလားဆိုတာ မေးခွန်းထုတ်စရာရှိနေပါသေးတယ်။

Ref : gsmarena