Foldable ဖုန်းတွေဟာ အခုဆိုရင် စျေးကွက်အတွင်းကို ရောက်ရှိနေတာ အချိန်အတော်ကြာပြီဖြစ်ပါတယ်။ ဒါပေမယ့် ယခု ၂၀၂၃ ခုနှစ်ဟာ တကမ္ဘာလုံးစျေးကွက်မှာ Foldable ဖုန်းတွေကို ယခင်ထက်ပိုပြီး အပြိုင်အဆင်မိတ်ဆက်မယ့် နှစ်တစ်နှစ်ဖြစ်လာနိုင်ပါတယ်။

ဘာကြောင့်လဲဆိုရင် ယခင်တုန်းက Foldable ဖုန်းမိတ်ဆက်ထားခြင်းမရှိသေးတဲ့ Google ၊ OnePlus နဲ့ Meizu လိုမျိုး ကုမ္ပဏီတွေကပါ ယခုနှစ်မှာ Foldable ဖုန်းအသစ်တွေကို မိတ်ဆက်သွားဖို့ရှိနေတာကြောင့်ဖြစ်ပါတယ်။ အခုနောက်ဆုံးသိရတဲ့သတင်းအရ အဆိုပါ ကုမ္ပဏီတွေအပြင် နောက်ထပ် စမတ်ဖုန်းကုမ္ပဏီတစ်ခုလည်း Foldable ဖုန်းစျေးကွက်ကို ဝင်ရောက်လာတော့မှာပါ။

အဆိုပါ ကုမ္ပဏီက realme ပဲဖြစ်ပြီး ကုမ္ပဏီရဲ့ Vice President အဖြစ်တာဝန်ယူထားတဲ့ Madhav Sheth ကိုယ်တိုင်က Twitter စာမျက်နှာမှာ realme Flip ဖုန်းနဲ့ realme Fold ထဲမှာ ဘယ်လိုမျိုးကို လိုချင်သလဲဆိုပြီး မေးခွန်းထုတ်ခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့် realme ဟာ Foldable ဖုန်းစျေးကွက်ထဲကို စတင်ဝင်ရောက်ဖို့ ပြင်ဆင်နေပြီလို့ ယူဆရပါတယ်။

လောလောဆယ်မှာ realme ရဲ့ Foldable ဖုန်းနဲ့ ပတ်သက်ပြီး သတင်းထွက်ရှိထားခြင်းမရှိသေးပေမယ့် realme လိုမျိုး BBK ရဲ့ လက်အောက်ခံကုမ္ပဏီတွေဖြစ်တဲ့ OPPO နဲ့ OnePlus တို့က Foldable ဖုန်းတွေ ထုတ်လုပ်နေတာကြောင့် realme လည်း ယခုနှစ်မှာ Foldable ဖုန်းထုတ်ဖို့ဆိုတာက ဖြစ်နိုင်ခြေများနေပါတယ်။ တစ်ခုရှိတာက ချက်ချင်းမိတ်ဆက်လာနိုင်ခြေနည်းပါးနေသေးပြီး OnePlus Foldable ဖုန်းတွေ မိတ်ဆက်အပြီးမှပဲ realme က မိတ်ဆက်သွားနိုင်ပါတယ်။

Ref – GSM Arena