ယမန်နေ့က Realme ဟာ MWC 2020 ပွဲတော်ကို တက်ရောက်မှာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ သက်တမ်းအားဖြင့် နုနယ်သေးတဲ့ စမတ်ဖုန်းထုတ်လုပ်သူအတွက် မိုဘိုင်းလောကရဲ့ အကြီးဆုံး ပြပွဲတစ်ခုကို ပထမဆုံးအကြိမ် တက်ရောက်ခြင်း ဖြစ်သလို သူတို့ရဲ့ ထုတ်ကုန်သစ်နဲ့လည်း အာရုံစိုက်မှုကို ရယူသွားဦးမှာပါ။

MWC 2020 မှာ သူတို့မိတ်ဆက်မယ်လို့ ထင်ထားရတဲ့ ဖုန်းတစ်လုံးက Realme X50 Pro 5G ဖြစ်ပြီး အခုနှစ်အတွက် Realme ရဲ့ ပထမဆုံး Flagship လည်းဖြစ်ပါတယ်။ မကြာခင်ကျင်းပလာတော့မယ့် MWC ပွဲမတိုင်ခင် ကုမ္ပဏီရဲ့ အကြီးအကဲကလည်း ဒီဖုန်းမှာပါလာမယ့် အဓိက Specs အချို့ကို ဖော်ထုတ်ပြလိုက်ပါသေးတယ်။

အခုမြင်ရမယ့် Screenshot ဟာ Realme နဲ့ Global Marketing ရဲ့အကြီးအကဲ Xu Qi Chase ရဲ့ Weibo အကောင့်မှာ တင်ထားတာဖြစ်ပြီး ဖော်ပြပါ ဟန်းဆက်ကို Realme X50 Pro 5G အဖြစ် Launch လုပ်လာမယ်လို့လည်း အတည်ပြုထားပါတယ်။

ဒီပုံဟာ ဟန်းဆက်ရဲ့ About Phone အပိုင်းကနေ ယူလာတာလို့ ယုံကြည်ရပြီး သူ့မှာ Android 10 ကို အခြေခံထားတဲ့ Realme UI ကို အသုံးပြုထားတာလည်း တွေ့ရပါတယ်။ သူ့မှာ Snapdragon X55 5G Modem ပါဝင်တဲ့ Flagship အဆင့် Snapdragon 865 ချစ်ပ်ဆက် ပါဝင်လာမှာပါ။

Realme X50 Pro 5G ဖုန်းမှာ 12GB LPDDR5 RAM မန်မိုရီနဲ့ 256GB Storage ထည့်သွင်းထားကာ Storage ကို ထပ်တိုးချဲ့လို့ မရနိုင်ဘူးလို့ ထင်ရပေမယ့် ပိုများတဲ့ Memory Combo တော့ ရှိနိုင်ပါတယ်။ Realme X50 Pro 5G ရဲ့ မော်ဒယ်နံပါတ်ကိုတော့ RXM2071 လို့ဖော်ပြထားပြီး Dual-SIM Support ပါဝင်မှာပါ။

အခုလိုထွက်ပေါ်လာပေမယ့် ဖုန်းရဲ့ Screen အရွယ်အစား၊ ကင်မရာနဲ့ ဘက္တရီ စတဲ့ Specs တွေလည်း သိရဖို့ ကျန်ပါသေးတယ်။ ဒါပေမယ့် လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်း မိတ်ဆက်လာတော့မှာဖြစ်တာကြောင့် သိပ်တော့ စောင့်ရမှာမဟုတ်တော့ပါဘူး။

Ref – Gizmo China