အစကတော့ Realme ဟာ MWC 2020 ပွဲတော်ကို ပထမဆုံးအကြိမ်တက်ရောက်ပြီး သူတို့ရဲ့ Flagship အသစ် X50 Pro စမတ်ဖုန်းကို ပြသဖို့ အားခဲထားခဲ့တာပါ။ ဒါပေမယ့် ပြပွဲကိုရောက်ဖို့ ဆယ်ရက်လောက်သာ လိုတော့တဲ့အချိန်မှာပဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် MWC ကို အမှတ်မထင်ဖျက်သိမ်းခဲ့ရတဲ့အတွက် သူတို့ဟာ X50 Pro 5G မိတ်ဆက်ပွဲအတွက် Online Event ပဲကျင်းပတော့မယ်လို့ ပြောင်းလဲဆုံးဖြတ်ခဲ့ရပါတယ်။

ဒါ့ကြောင့် အွန်လိုင်းပေါ်မှာ Teaser Campaign တွေ အကြီးအကျယ်ပြုလုပ်လာခဲ့ပြီး X50 Pro ရဲ့ အစိတ်အပိုင်း တစ်ခုစီကို Tease လုပ်လာခဲ့ပါတယ်။ ယနေ့မှာ Realme က အတည်ပြုပေးခဲ့တာကတော့ 90Hz Super AMOLED Display ဖြစ်ပါတယ်။

Realme X50 Pro ဟာ အတွင်းပိုင်းမှာ မျိုးဆက်သစ် Snapdragon 865 ချစ်ပ်ဆက်ကို အသုံးပြုလာမှာဖြစ်ကာ ကုမ္ပဏီအတွက် နိုင်ငံတကာဈေးကွက်ကိုရောင်းချမယ့် ပထမဆုံး 5G ဟန်းဆက်လည်းဖြစ်ပါတယ်။ အစောပိုင်းကလည်း ဒီဖုန်းမှာ 65W SuperDart အားသွင်းစနစ်ပါမယ်လို့ အတည်ပြုထားပါသေးတယ်။

Realme X50 Pro ဆိုတဲ့ အမည်တိုင်းပဲ ဒီဖုန်းဟာ မူရင်း Realme X50 ရဲ့ ဒီဇိုင်းကို အခြေခံလာဖို့ မျှော်လင့်ထားပြီး ရှေ့ဘက်မှာ Dual Punch-hole ဆဲလ်ဖီကင်မရာနဲ့ နောက်ဘက်မှာ ကင်မရာလေးလုံးတို့ ပါဝင်လာမှာပါ။ X50 Pro ဟာ မော်ဒယ်နံပါတ် RMX2071 နဲ့ AnTuTu ပေါ်သို့ ရောက်ရှိခဲ့ကာ အထင်ကြီးလောက်စရာ 574,985 ရမှတ်ရရှိထားခဲ့ပါတယ်။

Ref – GSM Arena