Realme X50 Youth အကြောင်းပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလောက်က စပြီးသတင်းထွက်ခဲ့တာလို့ ပြောရပါလိမ့်မယ်။ ဟုတ်ပါတယ်။ ဒီဇင်ဘာလရဲ့ နောက်ဆုံးရက်တုန်းကတည်းက Realme X50 5G နဲ့အတူ Realme 5 Youth ဟာ တရုတ် MIIT မှာ Certification ရခဲ့တယ်လို့ ဆိုရမှာပါ။

Youth ဗားရှင်းဖြစ်တဲ့အတွက် Realme X50 5G ထက် ပိုပြီးဈေးသက်သာမယ့်အမျိုးအစားဆိုတာကတော့ သေချာပါတယ်။ အခုတော့ မော်ဒယ်နံပါတ် RMX2052 နဲ့ ဟန်းဆက်ဟာ တရုတ် 3C မှာ တွေ့မြင်လာရပြီဖြစ်ပြီး 5G ကွန်ရက်ချိတ်ဆက်အသုံးပြုနိုင်မယ်၊ 30W (5V@6A) အမြန်အားသွင်းစနစ် ပါဝင်လာမယ်ဆိုတာကို အတည်ပြုနိုင်ပြီလည်း ဖြစ်ပါတယ်။

5G သုံးနိုင်တာနဲ့ 30W အမြန်အားသွင်းစနစ်တွေဟာ ပုံမှန် X50 5G နဲ့ တူညီတဲ့စွမ်းဆောင်ရည်တွေ ဖြစ်ပါတယ်။ ဒါကြောင့် Youth ဗားရှင်းအနေနဲ့ X50 5G နဲ့ သိပ်မကွာတဲ့ လုပ်ဆောင်ချက်အတော်များများ ကျန်ရှိနေမယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် ဈေးနှုန်းကွာခြားမှုကြောင့် အတွင်းအစိတ်အပိုင်းအချို့နဲ့ ကင်မရာပိုင်းဆိုင်ရာတွေကတော့ ပြောင်းလဲမှု အနည်းငယ်ရှိလာမှာ သေချာပါတယ်။

လက်ရှိအချိန်အထိ Realme X50 Youth နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို မသိရသေးပေမယ့် ကောလာဟလတွေအဖြစ် မျက်နှာပြင်အရွယ်အစားဟာ X50 5G လိုပဲ 6.57-inch IPS display နဲ့ဖြစ်ပြီး Punch-hole နဲ့အတူ Selfie ကင်မရာတစ်လုံး၊ ကျောဘက်ကင်မရာ သုံးလုံး တပ်ဆင်ပေးထားမယ်လို့ သတင်းထွက်နေတာပါ။ ဒီသတင်းအတိုင်းသာဆိုရင် X50 Youth နဲ့ X50 5G တို့ရဲ့ ဈေးနှုန်းကွာခြားမှုဟာ စိတ်ဝင်စားစရာပမာဏ ဖြစ်လာနိုင်ပါတယ်။

Ref: GSM Arena