၂၀၂၀ ခုနှစ်ထဲကို ပိုရောက်လာလေလေ Mid-range 5G ဟန်းဆက်တွေကို ပိုပြီးမြင်လာရလေလေပါပဲ။ ယနေ့မှာလည်း Nubia Red Magic 5G Lite ဖုန်းသစ်ဟာ ဥရောပဈေးကွက်ကို စတင်ဝင်ရောက်လာခဲ့ပါပြီ။ ဒီဖုန်းကို တရုတ်ပြည်တွင်းမှာတော့ Nubia Play 5G ဆိုတဲ့အမည်နဲ့ ရောင်းချခဲ့ပါတယ်။

Red Magic 5G Lite ဖုန်းမှာ 2340 x 1080p Resolution နဲ့ 6.65” OLED Display ပါဝင်ပြီး Notch/Punch-hole တွေကို မမြင်ရပါဘူး။ 120Hz Refresh Rate နဲ့ အသုံးပြုရမှာဖြစ်ပြီး 240Hz Touch-sampling Rate လည်း ပါဝင်ပါတယ်။

အတွင်းမှာ 5G Modem တစ်ပါတည်း ထည့်သွင်းထားတဲ့ Snapdragon 765G ချစ်ပ်ဆက်နဲ့ အသုံးပြုထားတယ်။ ဂိမ်းအသားပေးဖုန်းဖြစ်တာနဲ့အညီ ဖုန်းအပူချိန်ကို ထိန်းပေးဖို့ Liquid Cooling စနစ်လည်း မပါမဖြစ်ပါပဲ။ မန်မိုရီက 8GB RAM / 256GB Storage နဲ့ပါ။

ကင်မရာပိုင်းမှာတော့ 48MP အဓိက ကင်မရာကို 8MP Ultrawide + 2MP Macro + 2MP Depth Sensor တို့နဲ့ တွဲဖက်ထားတယ်။ ရှေ့ဘက်မှာ 8MP ဆဲလ်ဖီးကင်မရာတစ်လုံးတည်း ဖြစ်ပါတယ်။

Fingerprint ကိုလည်း In-display ပဲ ထည့်သွင်းထားပြီး Audio Jack တော့ မပါပါဘူး။ 5,100 mAh ဘက္ထရီကြီးကို 18W အားသွင်းစနစ်နဲ့ ဖြစ်ပါတယ်။ Android 10 OS ကိုပဲ တန်းအသုံးပြုရမှာပါ။

စပိန်ဈေးကွက်အတွက်တော့ အရစ်ကျဈေးနှုန်းပဲ ထွက်သေးပြီး သုံးနှစ်စာအတွက် စုစုပေါင်း ယူရို ၆၁၂ (မြန်မာငွေ ကိုးသိန်းခွဲ) လောက်ကျသင့်မှာပါ။ Red Magic 5G ရဲ့  8/128GB ဗားရှင်းဈေးနှုန်းက ယူရို ၅၇၉ (မြန်မာငွေ ကိုးသိန်း) သာ ရှိတဲ့အတွက် အခြားဈေးကွက်တွေကို မိတ်ဆက်လာမယ့် ဈေးနှုန်းကို စောင့်ကြည့်ရဦးမှာပါ။

Ref – GizmoChina