Nubia က ပြီးခဲ့တဲ့လက တရုတ်မှာ Red Magic 8 Pro နဲ့ Pro+ ကို ကြေညာခဲ့ပြီး အခုတော့ နိုင်ငံတကာအတွက် Red Magic 8 Pro ကို မိတ်ဆက်လိုက်ပါတယ်။ နိုင်ငံတကာ မော်ဒယ်နဲ့ တရုတ် မော်ဒယ်မှာ ပြောင်းလဲမှု အနည်းငယ် ပါလာပါတယ်။ မော်ဒယ် ၂ ခု စလုံးမှာ 6,000mAh ဘက်ထရီ တပ်ဆင်ထားပေမယ့် နိုင်ငံတကာ မော်ဒယ်မှာ 65W နဲ့ တရုတ် မော်ဒယ်မှာ 80W Fast Charging  ထည့်သွင်းထားတာပါ။ ဒါ့အပြင် နိုင်ငံတကာ မော်ဒယ်မှာ Logo ဒီဇိုင်းကို ပြောင်းလဲထားပါတယ်။ ကျန်တဲ့ Specs တွေနဲ့ ဒီဇိုင်းက တူညီကြပါတယ်။

Red Magic 8 Pro ရဲ့ ဘယ်ဘက်ခြမ်းမှာ အသံနဲ့ ပါဝါခလုတ်၊ ညာဘက်မှာ ဂိမ်းကစားဖို့ Shoulder Trigger ခလုတ်တွေ တပ်ဆင်ထားပါတယ်။ Void နဲ့ Matte မော်ဒယ်တွေ ထုတ်လုပ်ထားပြီး ပထမ မော်ဒယ်က ဖောက်ထွင်းမြင်ရတဲ့ ဒီဇိုင်းဖြစ်ကာ ဒုတိယ မော်ဒယ်က အနက်ရောင် ဖြစ်ပါတယ်။

Red Magic 8 Pro မှာ ၆.၈ လက်မ AMOLED FHD+ မျက်နှာပြင် တပ်ဆင်ထားပြီး 1,300 nits Brightness နဲ့ 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ နှလုံးခုန်နှုန်းတိုင်းတာပေးနိုင်တဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာမြှပ်နှံထားပြီး 16MP ကင်မရာကို မျက်နှာပြင်အောက်မှာ ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 50MP Main, 8MP Ultrawide Angle နဲ့ 2MP Macro ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။

Snapdragon 8 Gen 2 မောင်းနှင်ထားပြီး ICE 11 Cooling System ထည့်သွင်းပေးထားပါတယ်။ 16GB RAM နဲ့ 512GB Storage အထိ ထုတ်လုပ်ပေးထားပြီး Android 13 အခြေပြု Red Magic 6 မောင်းနှင်ထားပါတယ်။ စပီကာ ၂ လုံး၊ မိုက်ကရိုဖုန်း ၃ လုံးနဲ့ X-Axis Linear Motor ထည့်သွင်းထားပြီး Bluetooth 5.3 , WiFi 7 , USB-C Port နဲ့ နားကြပ်ပေါက်တွေ ပါပါတယ်။

Red Magic 8 Pro Matte 12GB + 256GB ကို ၆၄၉ ဒေါ်လာနဲ့ Void 16GB + 512GB ကို ၇၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ North America, Europe, Asia Pacific, the Middle East နဲ့ Latin America က နိုင်ငံတွေမှာ ရောင်းချမှာ ဖြစ်ပြီး နောက်လ ၂ ရက်နေ့ကစတင်ကာ မှာယူနိုင်ပါပြီ။

Ref : gizmochina