ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Twitter ကနေ NFT တွေကို Profile Photo အနေနဲ့ ထားနိုင်မယ့် Feature တစ်ခုကို ထုတ်ပေးခဲ့ပါတယ်။ ဒါက အသုံးပြုသူတွေကို ကိုယ်ပိုင်ဆိုင်တဲ့ NFT တွေကို အကောင်းဆုံးပြသနိုင်စေတဲ့ Feature တစ်ခုဖြစ်ပါတယ်။

အခုလည်း နာမည်ကြီး Community Platform တစ်ခုဖြစ်တဲ့ Reddit ကလည်း အလားတူ NFT တွေကို Profile ဓါတ်ပုံအနေနဲ့ ထားနိုင်အောင် စမ်းသပ်နေတယ်လို့ သိရပါတယ်။ Twitter အနေနဲ့ကတော့ NFT Profile ဓါတ်ပုံတွေကို Hexagon ပုံစံနဲ့ ခွဲခြားထားပေမယ့် Reddit ကတော့ ဘယ်လိုပုံစံမျိုးနဲ့ ခွဲခြားထားမလဲဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။

Reddit ရဲ့ တရားဝင်ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ Tim Rathschmidt ရဲ့ ပြောကြားချက်အရတော့ Reddit ဟာ အသုံးပြုသူတွေနဲ့ Community ကို ပိုပြီး တန်ဖိုးမြင့်တက်လာစေဖို့ ဆောင်ရွက်နေတာဖြစ်ပြီး အခုလိုမျိုး NFT တွေကို Profile ဓါတ်ပုံအဖြစ်ထားနိုင်ခြင်းအားဖြင့် ပိုင်ဆိုင်မှုစစ်မှန်ကြောင်းကိုပါ ဖော်ပြနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း လောလောဆယ်အထိတော့ အဆိုပါ Feature ကို တရားဝင်ထုတ်ပေးဖို့ကို အတည်ပြုထားခြင်းမရှိသေးဘဲ စမ်းသပ်ဆဲသာဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

NFT တွေဟာ လက်ရှိအချိန်မှာ ရေပန်းအစားဆုံးနည်းပညာတွေဖြစ်တယ်ဆိုပေမယ့် တစ်ဖက်မှာလည်း ဝေဖန်မှုတွေဆက်တိုက်ခံနေရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ နည်းပညာကုမ္ပဏီကြီးတွေအကုန်လုံးက NFT တွေကို ထောက်ပံ့သွားဖွယ်ရှိနေပါပြီ။

Ref – Tech Crunch