Xiaomi ရဲ့အမှတ်တံဆိပ်ခွဲ Redmi ဟာ “X” စမတ်ဖုန်းစီးရီးသစ်ကို ဖန်တီးလာပြီး Flagship ဖြစ်တဲ့ “K” စီးရီးရဲ့ အောက်တစ်ဆင့်မှာ ရှိနေမယ်လို့ ယုံကြည်ရပါတယ်။ ယနေ့မှာတော့ X စီးရီးအတွက် Teaser ပုံရိပ်အချို့ထွက်လာခဲ့ပြီး မေးခွန်းအချို့ကို ဖြေကြားပေးလာခဲ့ပါတယ်။

Redmi 10X နဲ့ မိသားစုဝင်တွေဟာ လူငယ်ပရိသတ်ကို ရည်ရွယ်လာမှာဖြစ်ပြီး ပေးရတဲ့ တန်ဖိုးထက် သာလွန်တဲ့ နည်းပညာကို ပေးအပ်နိုင်ဖို့လို့ ဆိုပါတယ်။ ဒီဖုန်းဟာ K စီးရီးဝင် မဟုတ်တဲ့ ပထမဆုံး Redmi 5G စမတ်ဖုန်းဖြစ်လာပြီး 5G ကွန်ရက်ကို SIM Card နှစ်ခုနဲ့ တပြိုင်တည်း ချိတ်ဆက်နိုင်ကာ မြင့်မားတဲ့မြန်နှုန်းကိုပေးနိုင်မယ်လို့ ဆိုပါတယ်။

အတွင်းမှာ အသုံးပြုထားတဲ့ MediaTek Dimensity 820 ချစ်ပ်ဆက်ရဲ့ အစွမ်းကြောင့် ဒီလိုစွမ်းဆောင်နိုင်တာဖြစ်ပြီး မျိုးဆက်သစ်ကွန်ရက်ချိတ်ဆက်နိုင်စွမ်းအပြင် အခြားလုပ်ဆောင်မှုတွေမှာလည်း Flagship နီးပါးရှိတဲ့ စွမ်းဆောင်ရည်ကို ပေးနိုင်လိမ့်မယ်လို့ Redmi အထွေထွေမန်နေဂျာ Lu Weibing က ဆိုလိုက်ပါတယ်။

ထုတ်ကုန်လိုင်းသစ်ရဲ့ ပထမဆုံးအဖြစ် Redmi 10X ဖုန်းသစ်ကို လာမယ့်မေလ ၂၆ ရက်နေ့မှာ မိတ်ဆက်လာမှာ ဖြစ်ပြီး Smart TV အသစ် သုံးလုံးကိုလည်း တစ်ပါတည်း မိတ်ဆက်လာနိုင်ပါတယ်။

Ref – GSMArena