ဇူလိုင်လ ၁၅ ရက်နေ့မှာ Xiaomi ရဲ့ Ecosystem ထုတ်ကုန်ပြပွဲကို ကျင်းပခဲ့ပြီး ကဏ္ဍအစုံအတွက် နည်းပညာပစ္စည်းတွေ ပါဝင်ခဲ့ပါတယ်။ ဒီပွဲမှာ Redmi စမတ်ဖုန်းသုံးလုံး၊ Mi Smart Band 5, Mi Electric Scooter Pro 2, Mi Electric Scooter 15, Mi TV Stick, Xiaomi Gaming မော်နီတာနဲ့ Mi TWS Earbuds တို့ကို မိတ်ဆက်ခဲ့ပြီး စမတ်ဖုန်းသစ်တွေကတော့ Redmi 9 စီးရီးဝင် Redmi 9, 9A နဲ့ 9C တို့ပဲဖြစ်ပါတယ်။

စမတ်ဖုန်းသစ်သုံးခုလုံးမှာ အားကောင်းတဲ့ချစ်ပ်ဆက်တွေ တပ်ဆင်ထားပြီး ချိုသာတဲ့စျေးနှုန်းကို ဆက်ထိန်းထားရင်း Premium Feature အချို့ ပါဝင်မှာပါ။

Redmi 9

ဒီဖုန်းဟာ ဘက်စုံသုံး Sensor တွေပါဝင်တဲ့ Quad-camera နဲ့ ပထမဆုံး Entry-level Redmi ဟန်းဆက်ပါ။ Display ကတော့ 6.53” FHD+ Dot Drop Display ဖြစ်ပြီး ကြည်လင်ပြတ်သားတဲ့ အမြင်ပိုင်းကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

အတွင်းမှာတော့ MediaTek Helio G80 ချစ်ပ်ဆက်ကို အသုံးပြုထားပြီး 5,020 mAh ဘက္ထရီကြီးကို 18W အားသွင်းစနစ်နဲ့ တွဲဖက်ထားပါတယ်။ Redmi 9 မှာ 3.5mm Audio Jack, IR Blaster, NFC နဲ့ MicroSD Card Slot တစ်ခုတို့ပါ ပါဝင်ပါတယ်။

ဒီဖုန်းကို Carbon Grey, Ocean Green, Sunset Purple အရောင်သုံးမျိုးနဲ့ နိုင်ငံတကာစျေးကွက်သို့ ယူဆောင်လာမှာဖြစ်ပြီး စျေးနှုန်းက အခြေခံ 3/32GB မော်ဒယ်အတွက် ယူရို ၁၄၉ (မြန်မာငွေ နှစ်သိန်းခွဲအောက်) နဲ့ 4/64GB မော်ဒယ်အတွက် ယူရို ၁၆၉ (မြန်မာငွေ နှစ်သိန်းခြောက်သောင်းခွဲခန့်) ကျသင့်မှာဖြစ်ပါတယ်။

Redmi 9C

အသစ်စက်စက် Entry-level ဖုန်းနောက်တစ်လုံးဟာလည်း ကြီးမားတဲ့ 6.53” Dot Drop Display ကို ဆက်လက်ယူဆောင်လာပြီး ဘက္ထရီက 5,000 mAh ပါပဲ။

Redmi 9C ဖုန်းမှာ MediaTek Helio G35 ချစ်ပ်ဆက်ကို အသုံးပြုထားပြီး Gaming ဦးစားပေး ချစ်ပ်ဆက်ဟာ 2.3GHz မြန်နှုန်းထိ သွားနိုင်ပါတယ်။ နောက်ဘက်မှာ AI အားဖြည့်ထားတဲ့ Triple-camera အတွဲပါဝင်မှာမယ့် ဒီဖုန်းကို 2/32GB ဗားရှင်းအတွက် ယူရို ၁၁၉ (မြန်မာငွေ တစ်သိန်းကိုးသောင်းနီးပါး) နဲ့ 3/64GB မော်ဒယ်အတွက် ယူရို ၁၃၉ (ကျပ် နှစ်သိန်းနှစ်သောင်းနီးပါး) သတ်မှတ်ထားတယ်။

Redmi 9A

ဖုန်းသုံးလုံးထဲမှာ စျေးအချိုဆုံးဖြစ်တဲ့ 9A မှာလည်း တူညီတဲ့ 6.53” Display နဲ့ 5,000 mAh ဘက္ထရီကိုပဲ တွေ့ရမှာဖြစ်ပြီး အတွင်းမှာတော့ MediaTek Helio G25 ချစ်ပ်ဆက်ဖြစ်ပါတယ်။ နောက်ဘက်မှာ 13MP ဦးဆောင်တဲ့ Triple-camera ပါဝင်ပါတယ်။

Redmi 9A ကတော့ အခြေခံမော်ဒယ် 2/32 GB အတွက် ယူရို ၉၉ (မြန်မာငွေ တစ်သိန်းခွဲကျော်) သာ ကျသင့်မှာပါ။ ဒီဖုန်းတွေနဲ့ပတ်သက်ပြီး အချက်အလက်အပြည့်အစုံသိခဲ့ကြရပြီးဖြစ်ပေမယ့် နိုင်ငံတကာစျေးကွက်ကို ဝင်ရောက်ဖို့ အခုမှ တရားဝင်ကြေညာလာတာ ဖြစ်ပါတယ်။

Ref – GizmoChina