Flipkart နဲ့ Mi.com တို့ရဲ့ တရားဝင်စာမျက်နှာတွေပေါ်မှာတော့ Redmi 9i အကြောင်း ဖော်ပြလာတာကို တွေ့မြင်ရပါတယ်။ လက်ရှိအချိန်မှာတော့ အသေးစိတ်အချက်အလက်တွေကို မဖော်ပြသေးဘဲ Countdown လုပ်နေတာဖြစ်ပြီး Xiaomi ဟာ ဒီဟန်းဆက်ကို လာမယ့် စက်တင်ဘာလ ၁၅ ရက်နေ့မှာ မိတ်ဆက်မှာ ဖြစ်ပါတယ်။

Flipkart နဲ့ Mi.com တို့မှာ Redmi 9i အကြောင်း အချက်အလက်တွေကို အသေးစိတ်မဖော်ပြထားသေးပေမယ့် ဒီဟန်းဆက်နဲ့ပတ်သက်တဲ့ အဓိကအချက်အနည်းငယ်ကိုတော့ ဖော်ပြထားတာကို တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Redmi 9i ဟာ Redmi 9A ကို အခြေခံထားတာကြောင့် ဘာတွေကိုမျှော်လင့်နိုင်မလဲဆိုပြီး ရှည်ရှည်ဝေးဝေးတွေးစရာမလိုဘူးလို့ ပြောရမှာပါ။

တရားဝင်စာမျက်နှာပေါ်က Teaser တွေမှာ 4GB RAM ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ ဒီအချက်ကတော့ 3GB of RAM နဲ့ 9A ထက် ပိုပြီးသာတယ်လို့ ဆိုရမှာပါ။ နောက်တစ်ချက်က သိုလှောင်မှုပမာဏပါ။ “Big of Storage” လို့ ရည်ညွှန်းထားတဲ့အတွက် အနည်းဆုံးတော့ 64GB ပမာဏကို Build-in ထည့်ပေးထားမယ်လို့ မျှော်လင့်ရပါတယ်။ ဒါ့အပြင် MicroSD နဲ့လည်း ထပ်ပြီးတိုးချဲ့နိုင်ဦးမှာပါ။

Redmi 9i ဟာ ကြီးမားတဲ့မျက်နှာပြင်နဲ့လို့ရည်ညွှန်းထားတာကြောင့် 6.53-inch 720p နဲ့ အထက်ကို မျှော်လင့်နိုင်ပါတယ်။ ဘက်ထရီပိုင်းကလည်း အနည်းဆုံးတော့ 5,000mAh ပမာဏ ထောက်ပံ့ထားဖွယ်ရှိပါတယ်။ ဂိမ်းမင်းပိုင်းပါ ထည့်စဉ်းစားရင်တော့ MediaTek Helio G25 အသုံးပြုလာဖွယ်ရှိပါတယ်။ ဓါတ်ပုံရိုက်ကူးမှုပိုင်းမှာလည်း 13MP ကင်မရာထက် ပိုကောင်းတာကို မျှော်လင့်ရမှာပါ။

Redmi 9A က အိန္ဒိယဈေးကွက်ထဲမှာ လက်ရှိရောင်းချနေတာဖြစ်ပြီး 2/32GB အတွက် INR 6,800 (၁ သိန်း ၂ သောင်းခွဲဝန်းကျင်) ဖြစ်ပါတယ်။ Redmi 9 (4/64GB) ကတော့ INR 9,000 (၁ သိန်း ၆သောင်းခွဲဝန်းကျင်) က စတဲ့အတွက် Redmi 9i ဟာ ဒီဈေးနှုန်းနှစ်ခုကြားမှာ ရှိနေမယ်လို့ ယူဆရပါတယ်။

Ref: GSM Arena