ရှေ့ရက်တွေက သတင်းထွက်ထားသလိုပဲ Redmi အမှတ်တံဆိပ်ဟာ ကုမ္ပဏီရဲ့ ပထမဆုံး Monitor ထုတ်ကုန်အဖြစ် Redmi Display 1A ကို တရုတ်စျေးကွက်မှာ ယွမ် ၄၉၉ (မြန်မာငွေ ကိုးသောင်းရှစ်ထောင်နီးပါး) မျှသာရှိတဲ့ စျေးနှုန်းနဲ့ မိတ်ဆက်လာခဲ့ပါတယ်။

လောလောဆယ်တော့ စျေးကွက်ထဲတန်းမရောက်သေးဘဲ Xiaomi ရဲ့ Youpin ပလက်ဖောင်းမှာ Crowdfunding အဖြစ် ရှိနေတဲ့ Redmi Display 1A ဟာ 23.8” လက်မအရွယ် FHD ရုပ်ထွက်နဲ့ IPS LCD Panel ဖြစ်ပြီး အပေါ်ဘက်မှာ အရမ်းပါးသလောက် အောက်ဘက်မှာ အတန်ငယ်ထူထဲတဲ့ Bezel နဲ့ရှင်းလင်းသပ်ရပ်တဲ့ ဒီဇိုင်းကို မြင်တွေ့ရပါတယ်။

Redmi ကတော့ ဒီမော်နီတာဟာ 7.3mm သာထူပြီး အာမခံကို ၃ နှစ်ထိ ပေးမယ်လို့ ကြေညာထားပါတယ်။ ဒါ့အပြင် Redmi Display 1A ဟာ ပထမဆုံး 178° viewing angle ရှိတဲ့ မော်နီတာလို့ပါ ကြွေးကြော်ထားကာ Low Blue Light Emission အတွက်လည်း TÜV Rheinland အတည်ပြုချက်ရထားပါတယ်။ ကုမ္ပဏီက ဒီထုတ်ကုန်ကို အလုပ်ရော အိမ်မှာပါ သုံးလို့ရတဲ့ စျေးချို Monitor တစ်ခုအဖြစ် ကြေညာထားပါတယ်။

ကြည့်ရှုသူအနေနဲ့ မြင်ထောင့်ကို အနည်းငယ်ပြောင်းလဲချိန်ညှိနိုင်သလို ဘေးဘောင် Bezel တွေက အလွန်ပါးလွှာတဲ့ အတွက်လည်း Redmi က Display 1A ကို Multi-Monitor Setup တွေအတွက် သင့်တော်တယ်လို့ ကြော်ငြာခဲ့ပါတယ်။ သူ့မှာ DC Power Input, HDMI နဲ့ VGA Port သုံးခုသာ ပါဝင်မှာပါ။

Ref – GizmoChina