Xiaomi ရဲ့အမှတ်တံဆိပ်ခွဲ Redmi ဟာ Redmi K30 Pro အမည်နဲ့ Flagship အသစ်ကို မိတ်ဆက်ဖို့ ပြင်ဆင်နေတာပါ။ သူ့ရဲ့မျိုးဆက်ဟောင်း K20 Pro ကို သုံးစွဲသူတွေ အကြိုက်တွေ့ခဲ့ကြတာကြောင့် K30 Pro ကိုလည်း စောင့်မျှော်နေသူတွေ မနည်းပါဘူး။ ယနေ့မှာတော့ ရှေ့ဆင့်နောက်ဆင့်ဆိုသလို သူ့ရဲ့မိတ်ဆက်မယ့်ကာလနဲ့ Processor တို့ကို ကုမ္ပဏီက တရားဝင် Tease လုပ်လာခဲ့ပါတယ်။

ပထမ Teaser ကို Xiaomi ရဲ့ VP ဖြစ်တဲ့ Lu Weibing ကပဲ သူ့ Weibo အကောင့်မှာ တင်လာခဲ့ပြီး ၂၀၂၀ မတ်လထဲမှာ မိတ်ဆက်မယ်ဆိုတဲ့ အတည်ပြုချက်ကိုပေးခဲ့တာပါ။ ဒါ့အပြင် အဆိုပါ Teaser ထဲက ဖုန်းရဲ့အပေါ်ဘက် Screen ပုံမှာ Punch-hole ကို မမြင်ရတဲ့အတွက် Pop-up Selfie သုံးလာမယ်လို့ အရိပ်အမြွက်ပြတာလည်း ဖြစ်နိုင်ပါတယ်။

Lu Weibing ဟာ နောက်ထပ် Teaser ကိုလည်း Weibo မှာ အချိန်အနည်းငယ်ခြားပြီး ထပ်တင်ခဲ့ကာ ဒီဖုန်းမှာ Qualcomm ရဲ့နောက်ဆုံးမျိုးဆက် Flagship ချစ်ပ်ဆက် Snapdragon 865 ကို အသုံးပြုလာမယ်ဆိုတာ အတည်ပြုပေးခဲ့တာပါ။ SD865 မှာ 5G ချိတ်ဆက်မှုအတွက်လည်း X55 5G Modem ပါဝင်ပါတယ်။

ယခင်ထွက်ထားတဲ့ သတင်းတွေအရဆိုရင်တော့ ဒီဖုန်းရဲ့နောက်မှာ 64MP Sony IMX686 Sensor ဦးဆောင်တဲ့ Quad-cam တစ်ခု ပါဝင်ဦးမှာပါ။ ဘက္ထရီက 4,700 mAh ပမာဏဝန်းကျင်ဖြစ်ပြီး 33W Fast Charging ပါမယ်လို့ ယူဆရပါတယ်။

Ref – Dealntech