Xiaomi ဟာ လာမယ့် ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ Xiaomi 13 Series ဖုန်းတွေကို မိတ်ဆက်သွားဖို့ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ ဒါ့အပြင် Xiaomi ကနေ နောက်ထပ် စျေးနှုန်းပိုမိုသက်သာတဲ့ Redmi K60 Series ဖုန်းတွေကိုပါ မကြာခင်အချိန်အတွင်းမှာ မိတ်ဆက်သွားဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

အစောပိုင်းထွက်ရှိလာတဲ့ သတင်းတွေအရ Redmi K60 Series မှာ Redmi K60 ၊ Redmi K60 Pro နဲ့ Redmi K60E ဖုန်းတွေပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ Redmi K60 နဲ့ Redmi K60 Pro ဖုန်းတွေဟာ Qualcomm Snapdragon 8 Gen 1+ နဲ့ Snapdragon 8 Gen 2 Chipset တွေကို အသီးသီးအသုံးပြုလာမှာဖြစ်ပေမယ့် Redmi K60E ကတော့ မတူညီဘဲ ကွဲထွက်နေမှာဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် Redmi K60E ဖုန်းဟာ MediaTek ကနေ နောက်ဆုံးအနေနဲ့ မိတ်ဆက်လာမယ့် Dimensity 8200 Chipset ကို အသုံးပြုလာမှာကြောင့်ဖြစ်ပါတယ်။ ယခုသတင်းကို Xiaomi ကိုယ်တိုင်ကနေ အတည်ပြုပေးခဲ့တာဖြစ်ပြီး Teaser ဓါတ်ပုံမှာ Dimensity 8200 Chipset ကို အသုံးပြုထားမယ်ဆိုပြီး ထည့်သွင်းကြေညာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် MediaTek Dimensity 8200 Chipset ဟာ အခုမှမိတ်ဆက်ထားတဲ့ Chipset အသစ်ဖြစ်တာကြောင့် စွမ်းဆောင်ရည်ပိုင်းမှာ ဘယ်လောက်ထိ စွမ်းဆောင်နိုင်မလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။ ဖြစ်နိုင်ခြေများနေတာကတော့ Qualcomm Snapdragon 870 Chipset ထက် ပိုမိုမြန်ဆန်မယ်လို့ ယူဆရပါတယ်။

Redmi K60E ဖုန်းဟာ 120W Fast Charging ကို ထောက်ပံ့ပေးထားမယ်လို့ သိရပြီးတော့ တခြားသော အချက်တွေကိုတော့ အတိအကျမသိရသေးပါဘူး။ လက်ရှိထွက်ရှိထားတဲ့သတင်းတွေအရတော့ Redmi K60E ဖုန်းဟာ အစောပိုင်းတုန်းက ထွက်ရှိထားတဲ့ Xiaomi 12T ကို အခြေခံထားမယ်လို့ သိရပါတယ်။

Ref – Gizmo China