Redmi ရဲ့ အထွေထွေမန်နေဂျာက ဒီအမှတ်တံဆိပ်ဟာ ဒီလအတွင်းမှာ Fan တွေအားလုံးအတွက် အံ့အားသင့်စေမယ့် ကုန်ပစ္စည်းတစ်ခုကို စတင်ဖြန့်ချိတော့မယ်လို့ ပြောဆိုလိုက်ပါတယ်။ အထွေထွေမန်နေဂျာက ဘယ်လိုကုန်ပစ္စည်းလဲဆိုတာကို ထုတ်မပြောခဲ့ပေမယ့် သတင်းပေါက်ကြားမှုတစ်ခုက ပဟေဠိကို ဖော်ထုတ်ပေးခဲ့ပါတယ်။

Weibo မှာ လူသိများတဲ့ Leakster ဖြစ်တဲ့ Digital Chat Station အကောင့်က ဒီပဟေဠိအတွက် အဖြေတစ်ခုကို ဆွဲထုတ်ပြခဲ့တာ ဖြစ်ပါတယ်။ Redmi ဟာ Redmi 10X 4G ကို မေလထဲမှာ ဖြန့်ချိမှာဖြစ်ပါတယ်။ ဒါပေမယ့် Redmi 9 ဒါမှမဟုတ် Redmi 10 ဆိုတဲ့နာမည်တစ်မျိုးမျိုးနဲ့ ထွက်လာမယ့် ဟန်းဆက်ကတော့ MediaTek Dimensity 800 chipset အသုံးပြုထားမယ်လို့ ရေ:သားခဲ့ပါတယ်။

Redmi နဲ့ပတ်သက်တဲ့ သတင်းတွေကို ပြန်ကြည့်လိုက်မယ်ဆိုရင် ကုမ္ပဏီဟာ ဈေးနှုန်းသက်သာတဲ့ 5G စမတ်ဖုန်းကို ထုတ်လုပ်ဖို့ စီစဉ်နေတာကို ပြန်တွေ့ရပါလိမ့်မယ်။ Intel က Redmi K30i အကြောင်းပြောခဲ့ပေမယ့် အခုသတင်းထွက်နေတဲ့ ဟန်းဆက်နဲ့ အတူတူများ ဖြစ်နေမလားလို့ သံသယဖြစ်ရပါတယ်။

Dimensity 800 ဟာ ဈေးသက်သာတဲ့ 5G-enabled chipset တွေထဲကတစ်ခုဆိုတာလည်း မေ့ထားလို့ မရပါဘူး။ ဖြစ်နိုင်ခြေနည်းတယ်ဆိုပေမယ့် ထပ်ပြီးကြားရတဲ့ ကောလာဟလတွေကတော့ ဒီဟန်းဆက်ဟာ ၂၂၅ ဒေါ်လာဝန်းကျင် (မြန်မာငွေ ၃ သိန်း ၁ သောင်းဝန်းကျင်) ပဲ ကျသင့်မယ်လို့ ဆိုနေကြတာပါ။

ဘယ်လိုပဲဖြစ်ဖြစ် Redmi ကပြောထားတဲ့ ဈေးနှုန်းသက်သာမယ့် 5G စမတ်ဖုန်းကတော့ မျှော်လင့်ချင်စရာ အပြည့်ပါပဲ။ အခုသတင်းထွက်နေတဲ့ Chipset နဲ့ ထွက်လာမလား၊ ဒါမှမဟုတ် ဈေးနှုန်းအသက်သာဆုံး 5G စမတ်ဖုန်း ဖြစ်နေမလားဆိုတာကလည်း စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

Ref: GSM Arena