ကိုရိုနာ ဗိုင်းရက်စ်ကြောင့် ဖုန်း ကုမ္ပဏီများစွာ ထိခိုက်နစ်နာနေကြပါတယ်။ အဲဒီထဲမှာ Xiaomi လည်း ပါဝင်လာပါတယ်။ Xiaomi ရဲ့ တရုတ်က ဖုန်း အစိတ်အပိုင်း ထောက်ပံ့မှုတွေ ထိခိုက်နေတဲ့အတွက် အိန္ဒိယမှာ Redmi Note 8 ရဲ့ ဈေးဟာ ရူပီး ၅၀၀ ( မြန်မာငွေ ၁ သောင်းဝန်းကျင်)တက်သွားပါတယ်။ ယာယီဈေးတက်တာ ဖြစ်နိုင်ပြီး အစိတ်အပိုင်း ထုတ်လုပ်တာ တည်ငြိမ်သွားတာနဲ့ ဈေး ပြန်ကျသွားမယ်လို့ ထင်ပါတယ်။ ဈေးတက်နေပေမယ့်လည်း Amazon မှာ Redmi Note 8 တွေ ပစ္စည်းပြတ်နေပါတယ်။ ဒါပေမယ့် Xiaomi က Amazon မှာ မကြာခင် ပစ္စည်း ဖြည့်ပေးမယ်လို့ ကြေညာထားပြီး 4/64GB မော်ဒယ်ပဲ ဈေးတက်သွားတာပါ။

သူ့ကို အရင်က ၉,၉၉၉ ရူပီးနဲ့ ရောင်းထားပြီး အခုတော့ ၁၀,၄၉၉ ဖြစ်သွားပါပြီ။ မြန်မာငွေ ၂ သိန်းကနေ ၂ သိန်း ၁ သောင်းခွဲလောက် တက်သွားတာပါ။ Xiaomi ရဲ့ ပြောရေးဆိုခွင့်ရှိသူက “ တရုတ်မှာ နှစ်သစ်ကူး အားလပ်ရက်ကို တိုးထားတဲ့အတွက် ဖုန်း အစိတ်အပိုင်း ထုတ်လုပ်တာကို ထိခိုက်နေပါတယ်။ “ လို့ ရှင်းပြပါတယ်။

Xiaomi က တခြား ဖုန်း အစိတ်အပိုင်း ထုတ်လုပ်သူတွေကို ရှာမှာ မဟုတ်လောက်ပါဘူး။ လက်ရှိမှာတော့ ယာယီ ဈေးအနည်းငယ်တက်လိုက်ရတဲ့ ပုံပေါ်ပါတယ်။ ဖုန်း အစိတ်အပိုင်း ထုတ်လုပ်တာတွေ ရပ်နားနေရတဲ့အတွက် Xiaomi ရဲ့ တရားဝင် အွန်လိုင်း စတိုး၊ Mi.com နဲ့ Amazon တို့မှာ ရောင်းဖို့ နည်းနေပါတယ်။ Amazon မှာ ပစ္စည်းပြတ်နေပြီး ၁၈ ရက်နေ့မှာ ပြန်ရောင်းမယ်လို့ ကြေညာထားပါတယ်။

Ref : gizmochina