နိုဝင်ဘာလ ၂၆ ရက်နေ့မှာ Redmi ဟာ Note 9 စီးရီးကို ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။ Redmi Note 7 ဟာ Samsung GM1 48MP ကင်မရာအသုံးပြုခဲ့ပြီး Redmi Note 8 Pro မှာတော့ Samsung GW1 64MP ကင်မရာကို အသုံးပြုခဲ့ပါတယ်။ အခု Redmi Note 9 စီးရီး မှာလည်း အခြားဖုန်းတွေမှာ မသုံးသေးတဲ့ ကင်မရာအသစ်ကို မြင်တွေ့ရမယ်လို့ အထွေထွေမန်နေဂျာ Lu Weibing က ဆိုပါတယ်။

ပေါက်ကြားသတင်းမှာတော့ Redmi Note 9 စီးရီးဟာ 108MP Samsung HM2 lens ကို အသုံးပြုထားမယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် Redmi Note 9 Pro 5G ရဲ့ တရားဝင် Render ပုံရိပ်ကိုလည်း ဖော်ပြထားပါသေးတယ်။ ဒီ Render ပုံရိပ်က Redmi Note 9 Pro 5G ရဲ့ ကျောဘက်ဒီဇိုင်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရစေပါတယ်။

သတင်းအတော်များများမှာ ဖော်ပြနေတာကတော့ Xiaomi Mi 10T Lite ကို တရုတ်ပြည်တွင်းဈေးကွက်မှာ Redmi Note 9 Pro 5G အဖြစ် အမှတ်တံဆိပ်ပြောင်းပြီး ရောင်းချမယ်ဆိုတာပါပဲ။ ဒီဟန်းဆက်နှစ်ခုစလုံးကလည်း အဓိကကင်မရာပိုင်းမှာပဲ ကွာခြားတာ ဖြစ်ပါတယ်။ Mi 10T Lite ဟာ 64MP အဓိကင်မရာအပါအဝင် ကျောဘက်ကင်မရာ လေးလုံး တပ်ဆင်ထားပါတယ်။ Redmi Note 9 Pro 5G က ကျောဘက်မှာ 108MP အဓိကကင်မရာအပါအဝင် ကင်မရာလေးလုံးတပ်ဆင်ထားမှာပါ။

Redmi Note 9 Pro 5G ရဲ့ တရားဝင် Render အရ အရောင်ဟာ Mi 10T Lite ရဲ့ Rose Gold Bleach အရောင်နဲ့ ဆင်တူနေတာကိုတွေ့ရပါတယ်။ အောက်ခြေမှာ မက်မွန်သီးရောင်နဲ့ ထိပ်ပိုင်းမှာတော့ စိမ်းပြာရောင်ကို မြင်တွေ့ရတာပါ။ ကျောဘက်ကိုယ်ထည်မှာ AG (anti-glare) matte နဲ့ပြုလုပ်ထားတယ်လို့ ယုံကြည်ရပါတယ်။ ညာဘက်ဘောင်မှာ အသံအတိုးအချဲ့ခလုတ်နဲ့ လက်ဗွေဖတ်ဆင်ဆာကို တပ်ဆင်ထားပါတယ်။

ကျောဘက်ကင်မရာအိမ်ကတော့ စက်ဝိုင်းပုံစံဖြစ်ပြီး ကင်မရာလေးလုံးကတော့ စတုဂံပုံစံနေရာချထားပါတယ်။ ကင်မရာအိမ်ရဲ့ဘယ်ဘက်ဘေးမှာ LED ဖလက်ရှ် ရှိနေပါတယ်။ Selfie ကင်မရာကတော့ 16MP ဖြစ်တယ်လို့ သိရပါတယ်။ 6.67-inch IPS LCD FHD+ 120Hz မျက်နှာပြင်ဖြစ်ပြီး၊ Snapdragon 750G chipset, 4,820mAh ဘက်ထရီ၊ 33W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ထားမယ်လို့ သိရပါတယ်။

Ref: Gizmochina