Redmi Note 9 Pro Max ဟာ ပြီးခဲ့တဲ့ မတ်လကတည်းက အိန္ဒိယဈေးကွက်မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ မတ်လ ၁၇ ရက်နေ့မှာ စတင်ရောင်းချတယ်ဆိုပေမယ့် COVID-19 ကြောင့် အိန္ဒိယလည်း Lockdown ဖြစ်သွားတဲ့အတွက် ကုမ္ပဏီကလည်း ရောင်းချတဲ့ရက်ကို ရွှေ့လိုက်ရတာ ဖြစ်ပါတယ်။

မေလ ၁၂ ရက်နေ့ကို ရွှေ့ဆိုင်းပြီးရောင်းချလိုက်ရတဲ့ Redmi Note 9 Pro Max ဟာ စတင်ရောင်းချပြီး မိနစ်ပိုင်းအတွင်းမှာပဲ ကုန်ပစ္စည်းပြတ်လတ်သွားရတယ်လို့ သိရပါတယ်။ ဒီသတင်းက Xiaomi India ရဲ့ မန်နေဂျင်းဒါရိုက်တာ Manu Jain က ပြောဆိုခဲ့တာဖြစ်ပြီး ကုမ္ပဏီအနေနဲ့ လာမယ့် ရက်သတ္တပတ်မှာ ကုန်ပစ္စည်းတွေကို ပြန်ပြီးဖြည့်တင်းမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပမာဏကိုတော့ ထုတ်ဖော်ပြောဆိုသွားခြင်းမရှိပါဘူး။

Redmi Note 9 Pro Max ဟာ Glacier White, Interstellar Black နဲ့ Aurora Blue ဆိုပြီးအရောင်သုံးမျိုးနဲ့ ထုတ်ထားတာ ဖြစ်ပါတယ်။ 6GB/64GB အမျိုးအစားက ($220/၃ သိန်း ၁ သောင်းဝန်းကျင်) ဖြစ်ပြီး 6GB/128GB ကတော့ ($240/၃ သိန်း ၄ သောင်းဝန်းကျင်) ဖြစ်ပါတယ်။ 8GB/128GB ကတော့ ($265/၃ သိန်း ၇ သောင်းခွဲဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။

Redmi Note 9 Pro Max ဟာ Snapdragon 720G SoC အသုံးပြုထားတာဖြစ်ပြီး Android 10 နဲ့ MIUI 11 မောင်းနှင်ထားတာ ဖြစ်ပါတယ်။ 6.67-inch LCD FullHD+ resolution မျက်နှာပြင်နဲ့ဖြစ်ပြီး Punch-hole ထဲမှာတော့ 32MP Selfie ကင်မရာတစ်လုံး တပ်ဆင်ထားပါတယ်။

ကျောဘက်မှာတော့ 64MP အဓိကကင်မရာ၊ 8MP ultrawide, 5MP macro နဲ့ 2MP depth sensor အပါအဝင် ကင်မရာ လေးလုံး တပ်ဆင်ပေးထားပါတယ်။ ဘက်ထရီပမာဏကတော့ 5,020mAh ဖြစ်ပြီး 33W အမြန်အားသွင်းစနစ်က မိနစ် ၃၀ အတွင်း ၅၀% နှုန်းကို အားသွင်းပေးမှာ ဖြစ်ပါတယ်။

Ref: GSM Arena