Qualcomm နဲ့ Apple တို့ရဲ့ တရားရင်ဆိုင်မှုကြောင့် ကုမ္ပဏီနှစ်ခုဟာ စီးပွားရေးလုပ်ငန်းမှာ လုံးဝကိုရန်သူတွေအသွင် ဖြစ်သွားမယ်လို့ ထင်နေကြရင်တော့ မှားသွားလိမ့်မယ်လို့ပဲ ဆိုရမှာပါ။ အကြောင်းရင်းက မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ Qualcomm ရဲ့ CEO က ကုမ္ပဏီနှစ်ခုအကြားဆက်ဆံရေး အခြေအနေအကြောင်းကို ဖွင့်ဟခဲ့လို့ပဲ ဖြစ်ပါတယ်။

Qualcomm ရဲ့ CEO ဖြစ်တဲ့ Steve Mollenkopf က ကုမ္ပဏီနှစ်ခုရဲ့ဆက်ဆံရေးဟာ အခုအချိန်မှာ ပိုပြီးသဘာဝကျလာတယ် (တနည်းအားဖြင့် ဟန်ဆောင်မှုကင်းမဲ့လာတယ်) လို့ ယူဆကြောင်း ပြောခဲ့တာပဲ ဖြစ်ပါတယ်။ တကယ်တော့ Apple က Qualcomm ဟာ Chip မူပိုင်ခွင့်ကို အလွဲသုံးပြီး မတန်တဆပေချေနေရတယ်လို့ စွပ်စွဲခဲ့ပြီး Qualcomm ကလည်း Apple ကို အချက်အလက် ခိုးယူတယ်ဆိုပြီး တရားစွဲခဲ့ပါသေးတယ်။

ဒီမူပိုင်ခွင့်ဆိုင်ရာပြဿနာကို တရားရုံးအဆုံးအဖြတ်ပေးလုပေးခင်မှာပဲ ကုမ္ပဏီနှစ်ခုက အံ့သြဖွယ်ရာကောင်းလောက်အောင် တရားရင်ဆိုင်နေတာကို ရပ်တန့်ခဲ့ပါတယ်။ ဒီနောက်မှာတော့ Apple က စည်းမျဉ်းသစ်၊ သဘောတူညီမှုအသစ်တွေနဲ့အတူ Qualcomm ရဲ့ Chipset တွေကို ဝယ်ယူတော့မယ်လို့ ကြေညာခဲ့တာပါ။ အခုတော့ Apple ဟာ Qualcomm ရဲ့ မူပိုင်ခွင့်အောက်က ထုတ်ကုန်တွေကို ၆ နှစ်သက်တမ်း ခွင့်ပြုချက်နဲ့ သုံးစွဲနေပြီဖြစ်ပါတယ်။

Mollenkopf ကတော့ ကုမ္ပဏီနှစ်ခုကြား ဒါဇင်နဲ့ချီတဲ့ အမှုအခင်းကိစ္စတွေလည်း အဆုံးသတ်ခဲ့ပြီး နောက်ဆုံးပြုလုပ်ခဲ့တဲ့သဘောတူညီချက်အရ ဆက်ဆံရေးကလည်း ပိုပြီး သဘာဝကျကျ ဖြစ်လာတယ် လို့ ဆိုခဲ့တာပါ။ ကုမ္ပဏီနှစ်ခုကြား ဆွေးနွေးမှုတွေမှာ “ထုတ်ကုန်တွေအကြောင်း၊ ထုတ်ကုန်တွေကို ဘယ်လောက်မြန်မြန်စတင်မယ်ဆိုတဲ့ အကြောင်းတွေပဲဖြစ်တယ်” လို့ ဆိုပါတယ်။

Ref: Gizmochina