ဒီနေ့ခေတ်မှာ Android လို့ နာမည်ကြီးလာတဲ့ Mobile Operating System ကို ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ အဲဒီ OS ထည့်သွင်းထားတဲ့ ပထမဆုံး ဖုန်းက HTC Dream a.k.a T-Mobile G1 ပါ။  အခုဆိုရင် အဲဒီ ဖုန်း ရောင်းချထားတာ နှစ်ပတ်လည်ရောက်လာပြီ ဖြစ်တဲ့အတွက် ပထမဆုံး Android ဖုန်းရဲ့ လုပ်ဆောင်ချက်နဲ့ Specs တွေကို လေ့လာကြည့်ရအောင်။

ဒီဇိုင်း

G1 မှာ ၃.၂ လက်မ TFT Capacitive Touchscreen တပ်ဆင်ထားပြီး 320x480p Resolution ပါပါတယ်။ 180ppi ထောက်ပံ့ထားပြီး Screen-to-body Ratio က ၅၀ ရာခိုင်နှုန်းအောက်ပဲ ရှိတဲ့အတွက် ဒီနေ့ခေတ် ဘောင်ပျောက် ဖုန်းတွေနဲ့ နှိုင်းယှဉ်ရင်တော့ တော်တော် ရုပ်ဆိုးနေမှာပါ။

ဖုန်းအနောက်ဘက်ကနေ အောက်ကိုဆွဲချရင် QWERTY Keyboard ကို အသုံးပြုနိုင်မှာ ဖြစ်ပြီး G1 မှာ Virtual Keyboard ကို အစပိုင်းမှာ မထည့်ပေးထားဘဲ နောက်ပိုင်းကျမှ ထည့်ပေးခဲ့တာပါ။ ဖုန်းမှာ Physical ခလုတ် ၅ ခု တပ်ဆင်ထားပြီး Home , Back နဲ့ Menu ခလုတ်တွေ ပါပါတယ်။ အဲဒီ ခလုတ်တွေကို ဖုန်းရဲ့ Chin မှာ တပ်ဆင်ထားပြီး အဲဒါတွေအပြင် ကင်မရာ Shutter ခလုတ်၊ Volume Rocker နဲ့ Trackball တွေ ပါပါတယ်။

အနောက်ဘက်မှာ စပီကာ ၁ လုံး ထည့်သွင်းထားပြီး နားကြပ်ပေါက် မပါလာပါဘူး။ နားကြပ်သုံးချင်ရင် Adapter နဲ့ ချိတ်ဆက်ရမှာပါ။

လုပ်ဆောင်ချက်နဲ့ Specs များ

G1 ရဲ့ Android Version 1.0 မှာတောင် လုပ်ဆောင်ချက်တွေက တော်တော်ကောင်းတယ်လို့ ပြောနိုင်ပါတယ်။ Home Screen ကို Customize လုပ်နိုင်ပြီး Widget တွေ ပါပါတယ်။ Copy/Paste နဲ့ Third-party App အပါအဝင် App အားလုံးအတွက် Multitasking ထောက်ပံ့ထားပါတယ်။ Notification Drawer ထည့်သွင်းထားပြီး Google Maps , Gmail နဲ့ YouTube တို့ ကြိုတင် ပါလာပါတယ်။ HTML Browser မှာ Google Search ကို Homepage ထည့်ပေးထားပါတယ်။ အဓိက ဖြစ်တဲ့ Android Market ထည့်သွင်းထားပြီး ဒီနေ့ခေတ်မှာ Google Play Store အဖြစ် နာမည်ပြောင်းထားပါတယ်။

Specs အကြောင်းပြောရရင် G1 မှာ Qualcomm MSM7201A SoC , Adreno 130 GPU , 192MB RAM , 256MB Internal Storage နဲ့ 1,150mAh ဘက်ထရီ ထည့်သွင်းထားပြီး 16GB SD Card စိုက်နိုင်ပါတယ်။ အနောက်ဘက်မှာ 3.15MP ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး Autofocus ပါပါတယ်။ နောက်ပိုင်းထွက်လာခဲ့တဲ့ Android 1.5 Cupcake မှာ ဗီဒီယို ရိုက်ကူးတဲ့ စွမ်းရည် ထည့်သွင်းပေးခဲ့ပါတယ်။

လူကြိုက်များလား?

T-Mobile ဟာ ပထမ ၆ လအတွင်း အမေရိကန်မှာ G1 အလုံးရေ ၁ သန်း ရောင်းချနိုင်ခဲ့ပြီး ဈေးကွက်ဝေစု ၆ ရာခိုင်နှုန်းရခဲ့ပါတယ်။ အဲဒီအချိန်တုန်းက Windows Mobile OS က ၁၁ ရာခိုင်နှုန်း၊ Blackberry RIM OS က ၂၂ ရာခိုင်နှုန်းနဲ့ iPhone OS က ၅၀ ရာခိုင်နှုန်း ရထားတာပါ။

တချို့တွေက G1 ရဲ့ Specs တွေကို တော်တော်ကြိုက်ကြပြီး ဘက်ထရီ သက်တမ်း ကောင်းတယ်လို့ သုံးသပ်ကြပါတယ်။ အဲဒီအချိန်တုန်းက Android Market မှာ App တွေ နည်းပါးသေးတာက အားနည်းချက်လို့ ပြောနိုင်ပါတယ်။

G1 ရောင်းချအပြီး ဆယ်စုနှစ်တစ်ခု ကျော်လာတဲ့ ယနေ့ အချိန်မှာတော့ Android ဟာ ဈေးကွက်ဝေစု ၇၀ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ထားပါပြီ။ HTC က G1 ထုတ်လုပ်ရောင်းချတာကို ၂၀၁၀ ခုနှစ်မှာ ရပ်နားခဲ့ပေမယ့် ကမ္ဘာ့ ပထမဆုံး Android ဖုန်း အဖြစ် သမိုင်းမှတ်တမ်းတင်နေမှာပါ။

Ref : androidcentral