Sony ကနေ အခုနောက်ပိုင်းမှာ Flagship စမတ်ဖုန်းစျေးကွက်ထဲကို ဝင်ရောက်လာသလို Compact ဖြစ်တဲ့ဖုန်းတွေကိုလည်း အများအပြားမိတ်ဆက်လာတာဖြစ်ပါတယ်။ အခုနောက်ဆုံး ထွက်ရှိထားတဲ့သတင်းတွေအရတော့ Sony ကနေ နောက်ထပ် Compact ဖုန်းအသစ်ကို မိတ်ဆက်သွားဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

အခု Sony ကနေ မိတ်ဆက်မယ့် စမတ်ဖုန်းကတော့ Sony Xperia Ace III ပဲဖြစ်ပြီး အဆိုပါ Xperia Ace Series ဖုန်းတွေဟာ ဂျပန်နိုင်ငံမှာပဲ ရောင်းချတဲ့စမတ်ဖုန်းတွေလည်းဖြစ်ပါတယ်။ Xperia Ace ဖုန်းကို ၂၀၁၉ ခုနှစ်မှာမိတ်ဆက်ခဲ့ပြီး ၂၀၂၁ မှာ Xperia Ace II ဖုန်းကို ထပ်မံမိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

အခုအသစ်မိတ်ဆက်ဖို့ရှိနေတဲ့ Xperia Ace III စမတ်ဖုန်းဟာ Screen Size အနေနဲ့ 5.5″ Display ကိုပဲ အသုံးပြုထားမှာဖြစ်ပြီး အရွယ်အစားအနေနဲ့ 139.7 x 68.7 x 9.1 mm ပဲရှိမှာဖြစ်ပါတယ်။ ယခင်တုန်းက Sony ကနေ မိတ်ဆက်ထားတဲ့ Compact Flagship ဖုန်းတစ်ခုဖြစ်တဲ့ Xperia 10 III ဖုန်းရဲ့ အရွယ်အစားအနေနဲ့ 154 x 68 x 8.3 mm ရှိတဲ့အတွက် Sony ကနေ လက်ရှိထုတ်လုပ်နေတဲ့စမတ်ဖုန်းတွေထဲမှာ အရွယ်အစားအသေးဆုံးဖုန်းတောင် ဖြစ်လာနိုင်ပါတယ်။

Performance ပိုင်းအနေနဲ့ကတော့ လက်ရှိထွက်ရှိထားတဲ့သတင်းတွေအရ Qualcomm Snapdragon 888 Chipset ကို အသုံးပြုလာမှာဖြစ်ပါတယ်။ ဒါက ယခင် Xperia Ace II မှာအသုံးပြုထားတဲ့ Helio P35 Chipset နဲ့ ယှဥ်မယ်ဆိုရင် အများကြီးတိုးတက်လာတာဖြစ်ပါတယ်။ Battery ပိုင်းအနေနဲ့ကတော့ 4500mAh Battery ကိုပဲ ထည့်သွင်းထားမှာပါ။

ထူးခြားချက်အနေနဲ့ကတော့ Camera ပိုင်းမှာ 13MP Sensor Single Camera ကိုပဲ အသုံးပြုထားပြီး Selfie Camera ကိုတော့ အတိအကျမသိရသေးပေမယ့် Waterdrop Notch Design ပြုလုပ်ထားတာကို တွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် အခု Sony Xperia Ace III စမတ်ဖုန်းကို လာမယ့် ၂၀၂၂ ခုနှစ် ဇွန်လဝန်းကျင်မှာ တရားဝင်မိတ်ဆက်သွားမယ်လို့ သတင်းရရှိထားတာကြောင့် ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref – GSM Arena