Apple က တန်ဖိုးနည်း ဖုန်းကို ဒီနှစ်ထဲမှာ ရောင်းမယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာ လပေါင်းများစွာ ရှိပါပြီ။ အဲဒီ ဖုန်းကို iPhone SE 2 ဒါမှမဟုတ် iPhone 9 လို့ နာမည်ပေးထားမယ်လို့ သတင်းထွက်နေပြီး အခုတော့ အဲဒီ ဖုန်းထက် အရွယ်ကြီးတဲ့ iPhone 9 Plus ကိုပါ Apple က ဖန်တီးနေတယ်လို့ 9to5Mac က ပြောပါတယ်။

အရင်သတင်းတွေအရ iPhone 9 မှာ iPhone 6 ရဲ့ ဒီဇိုင်းကို သုံးထားမှာ ဖြစ်ပြီး ၄.၇ လက်မ LCD မျက်နှာပြင် ပါလာမယ်လို့ သိရပါတယ်။ ကုန်ကျစားရိတ် သက်သာစေဖို့ TouchID ပဲ ထည့်သွင်းထားနိုင်ပါတယ်။ အခုတော့ iOS 14 ရဲ့ Code တွေအရ ၅.၅ လက်မ မျက်နှာပြင်ပါတဲ့ မော်ဒယ်လည်း ထွက်လာမယ်လို့ သိရပါတယ်။ တခြား Specs အများစုကတော့ တူညီကြပါတယ်။ မော်ဒယ် ၂ ခုစလုံးမှာ iPhone 11 Series တွေမှာ သုံးထားတဲ့ A13 Bionic Chip ကိုပဲ ထည့်ထားမယ်လို့ သိရပါတယ်။ iPhone 8 နဲ့ iPhone X မှာ မပါတဲ့ NFC ပါလာမှာပါ။

Apple ဟာ တန်ဖိုးနည်း ဖုန်းတွေကို သူများနဲ့မတူအောင် ဖန်တီးတတ်ပါတယ်။ ဒီဇိုင်း အသစ်တွေနဲ့ အားနည်းတဲ့ Processor တွေအစား ဖုန်း ကိုယ်ထည် အဟောင်းတွေမှာ နောက်ဆုံးထုတ် Processor အသစ်တွေ သုံးထားတတ်ပါတယ်။ iPhone 9 နဲ့ 9 Plus ကို လာမယ့် လအနည်းငယ်အတွင်းမှာ ကြေညာနိုင်ပါတယ်။

Ref : tnw