Esports အမျိုးအစားတစ်ခုဖြစ်တဲ့ Rocket League ဟာ ပြိုင်ကားတွေကို အသုံးပြုပြီး ဘောလုံးကန်ရတဲ့ “Soccar” အမည်ရ ထူးထူးခြားခြား ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဒီဂိမ်းကို ဒေါ်လာ ၂၀ လောက်နဲ့ ဝယ်ယူဆော့ကစားရတာဖြစ်ပေမယ့် ယနေ့မှာ Rocket League ရဲ့ တရားဝင်ဘလော့ကနေ ဒီဂိမ်းကို မကြာခင် အခမဲ့ Free-to-Play အဖြစ် ပြောင်းလဲလာတော့မယ်လို့ ကြိုတင်ကြေညာခဲ့ပါတယ်။

၂၀၁၈ ခုနှစ်ကလည်း လူကြိုက်အများဆုံး Esports ဂိမ်းတစ်ခုဖြစ်တဲ့ Counter-Strike: Global Offensive (CS:GO) ကို သူ့ကုမ္ပဏီ Valve ကနေ ၁၅ ဒေါ်လာနဲ့ ဝယ်ယူကစားရမယ့်အစား အခမဲ့ဂိမ်းအဖြစ် ပြောင်းလဲပေးခဲ့ဖူးပါတယ်။ Rocket League ကလည်း ဒီလမ်းစဉ်ကို လိုက်လာခဲ့ပြီး အခုလိုပြောင်းလဲခြင်းကြောင့် ကစားသမားဦးရေ ပိုမိုတိုးတက်လာနိုင်ပါတယ်။

Rocket League ဟာ Epic Games Store ပလက်ဖောင်းပေါ်ကိုလည်း ရောက်ရှိတော့မှာဖြစ်ပြီး နာမည်ကြီးဂိမ်းတွေကို အခမဲ့ပေးခြင်းဖြင့် သုံးစွဲသူတွေကို ဆွဲဆောင်နေတဲ့ Epic Games Store ဟာ Rocket League ရဲ့ Free-to-Play ဗားရှင်းကို အရင်ဆုံး သို့မဟုတ် တစ်ဦးတည်း ရလာနိုင်ပါတယ်။

လက်ရှိမှာ Valve ရဲ့ Steam ပလက်ဖောင်းပေါ်ကနေ Rocket League ကို ဝယ်ဆော့နေတဲ့သူတွေအတွက်လည်း စိတ်ပူစရာမရှိပါဘူး။ Rocket League ဂိမ်းက Epic Games Store ပေါ်ကို အပြီးတိုင် ကူးပြောင်းသွားခဲ့ရင်တောင် ဝယ်ယူထားတဲ့ ဂိမ်းကို Steam မှာ ဆက်ဆော့နေနိုင်ဦးမှာဖြစ်သလို Update တွေလည်း ဆက်လက်ရရှိနေမယ်လို့ ဆိုပါတယ်။

ထုတ်လုပ်သူ Psyonix Team ကတော့ ကစားသမားတွေ ချစ်မြတ်နိုးတဲ့ Rocket League ရဲ့ ကစားပုံကို ပြောင်းလဲသွားမှာ မဟုတ်ဘဲ ပြိုင်ပွဲတွေနဲ့ စိန်ခေါ်မှုအသစ်တွေ ထပ်ပေးသွားမယ်လို့ ဆိုခဲ့ပါတယ်။ CS:GO ဂိမ်းလိုပဲ ဒီဂိမ်းကို အခမဲ့ဗားရှင်းပြောင်းလိုက်ရင် ပိုက်ဆံပေးပြီး ဝယ်ထားတဲ့သူတွေက Premium Version အဖြစ် ဆော့ကစားနိုင်မှာဖြစ်ပြီး အထူးဆုတွေ ရရှိနိုင်မှာပါ။

Epic Games ကုမ္ပဏီဟာ Fortnite ဂိမ်းကြောင့် နာမည်ကျော်အောင်မြင်လာခဲ့ပြီး လွန်ခဲ့တဲ့တစ်နှစ်နီးပါးက Rocket League ကို ထုတ်လုပ်သူ Psyonix အား ဝယ်ယူခဲ့ပါတယ်။ ဒါ့ကြောင့် အခုလိုပြောင်းလဲမှုကို ပြုလုပ်လာတာဖြစ်နိုင်ပြီး ပြောင်းလဲမယ့် ရက်စွဲကိုတော့ အတိအကျ မထုတ်ပေးသေးပါဘူး။

Ref – OneEsports