Rockstar Games လို့ ဆိုလိုက်တာနဲ့ Grand Theft Auto သို့မဟုတ် GTA ကိုပဲ တန်းမြင်ကြမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ GTA V ဟာ Online အနေနဲ့ Update တွေအမြဲတမ်းထွက်ရှိနေဆဲဖြစ်ပြီး ဆော့ကစားသူတွေလည်း အလွန်များပြားနေဆဲဖြစ်ပါတယ်။

အခုလည်း Rockstar Games ကနေ လူတိုင်းမျှော်လင့်နေကြတဲ့ GTA 6 ကို ဆောင်ရွက်နေပြီဆိုတာကို အတည်ပြုပေးခဲ့ပါတယ်။ Rockstar Games ရဲ့ တရားဝင်ပြောကြားချက်အရတော့ Grand Theft Auto Series တွေအတွက် နောက်ထပ် ဂိမ်းအသစ်တစ်ခုဟာ ဆောင်ရွက်နေပြီဖြစ်ပြီး မကြာခင်မှာ မြင်တွေ့ရတော့မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ လာမယ့် မတ်လ ၁၅ ရက်နေ့မှာလည်း GTA V အပြင် GTA Online ဂိမ်းတွေဟာ PS5 နဲ့ Xbox Series X ၊ Series S ဂိမ်းစက်တွေမှာ စတင်ဆော့ကစားနိုင်ပြီဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် GTA V ဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွင်းက ထွက်ရှိခဲ့တာဖြစ်တာကြောင့် အခုနှစ်အတွင်း GTA 6 ကို မိတ်ဆက်မယ်ဆိုရင်တောင် ၈ နှစ်ခန့် ကြာမြင့်နေပြီဖြစ်ပါတယ်။

ဒါပေမယ့် ဒါကိုလည်း Rockstar Games ကနေ “ကျွန်ုပ်တို့ဟာ ယခင်တုန်းက ထုတ်လုပ်ခဲ့ဖူးတဲ့ Project တွေထက် အများကြီးပိုကောင်းတဲ့ရလဒ်ဖြစ်စေဖို့အတွက် အဓိကရည်ရွယ်ထားတာဖြစ်တယ်” ဆိုပြီး ပြောကြားခဲ့တာကြောင့် GTA 6 ထွက်ရှိလာမယ်ဆိုရင်လည်း လက်ရှိ GTA V ထက် အဆများစွာပိုကောင်းလာဖွယ်ရှိနေပါတယ်။ ဘယ်အချိန်ထွက်ရှိမလဲဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိပေမယ့် မကြာခင်မှာ Rockstar Newswire ကနေတစ်ဆင့် သတင်းဖော်ပြသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Ref – The Verge