Samsung နဲ့ Huawei တို့ဟာ Foldable စမတ်ဖုန်း နယ်ပယ်ရဲ့ ဦးဆောင်သူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ ကုမ္ပဏီတွေဟာ Foldable စမတ်ဖုန်း ပထမဆုံး ထုတ်လုပ်ခဲ့ကြတာ မဟုတ်ပါဘူး။ ကမ္ဘာ့ပထမဆုံး Foldable စမတ်ဖုန်းက Royole Flexpai ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ Royole Flexpai 2 ကို ဖေဖော်ဝါရီလမှာ ကျင်းပဖို့ စီစဉ်ခဲ့တဲ့ MWC 2020 မှာ ကြေညာမယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့် ကိုရိုနာဗိုင်းရက်စ်ကြောင့် ပွဲပျက်သွားခဲ့ပါတယ်။

အခုတော့ ကုမ္ပဏီရဲ့ CEO Liu Zihong က Foldable ဖုန်း အသစ်ကို မတ်လ ၂၅ ရက်နေ့မှာ ကြေညာမယ်လို့ တရုတ် မီဒီယာ ၁ ခုကို ပြောပါတယ်။ အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက်တွေ ပေါက်ကြားထွက်ပေါ်နေတာ မရှိသေးပါဘူး။ အဲဒီ ဖုန်းကို ကမ္ဘာ့အထင်ကရ ဖုန်း ကုမ္ပဏီက ထုတ်လုပ်ထားတာ မဟုတ်ဘဲ တရုတ်က မထင်မရှား ကုမ္ပဏီ ၁ ခုက ဖန်တီးထားတာပါ။ မော်ဒယ် အသစ်မှာ Snapdragon 865 Chipset မောင်းနှင်ထားနိုင်ပြီး နောက်မျိုးဆက် 5G ဆက်သွယ်မှု ပါလာမှာပါ။

ပထမမျိုးဆက် Royole Flexpai ရဲ့ ဒီဇိုင်းက အရမ်းအလန်းကြီး မဟုတ်ပါဘူး။ ဒါပေမယ့် ကမ္ဘာ့ ပထမဆုံး Foldable ဖုန်း ဖြစ်တဲ့အတွက် လူတွေ အရမ်းစိတ်ဝင်စားခဲ့ပါတယ်။ ကုမ္ပဏီက အဲဒီ ဖုန်းရဲ့  ၂၀၁၉ ခုနှစ် ရောင်းအားကို မပြောသေးပါဘူး။ ဒါပေမယ့် ရောင်းအား ကောင်းတဲ့အတွက် ဒုတိယမျိုးဆက် ထွက်ပေါ်လာတာ ဖြစ်နိုင်ပါတယ်။ လာမယ့် ရက်ပိုင်းအတွင်းမှာ Flexpai 2 ဟာ ပြိုင်ဖက် Foldable ဖုန်းတွေကို ဘယ်လို ယှဉ်ပြိုင်မလဲဆိုတာ သိရတော့မှာပါ။

Ref : gizchina