ရုရှားဟာ ယူကရိန်းကို ကျူးကျော်စစ်စပြီးနောက်ပိုင်း Google, Apple တို့လို အမေရိကန်အခြေစိုက် ကုမ္ပဏီကြီးတွေနဲ့ ဆက်ဆံရေး ဆိုးရွားလာခဲ့ပါတယ်။ အထူးသဖြင့် ယူကရိန်းကျူးကျော်စစ်အကြောင်းကို ဖော်ပြနေကြတဲ့ YouTube ကို ရုရှားကပိုပြီးမျက်မုန်းကျိုးလာတယ်လို့ ဆိုနိုင်ပါတယ်။

ရုရှားဟာ YouTube ပေါ်က သူတို့မလိုလားတဲ့ ဗီဒီယိုတွေကို ဖျက်ဖို့ဖိအားပေးခဲ့ပြီး ဒီဗီယိုတွေကိုလွှင့်တင်ခွင့်ပေးပြီး၊ ပယ်ဖျက်ဖို့ပျက်ကွက်ခဲ့တဲ့အတွက်ဆိုပြီး ဒေါ်လာ ၃၆၅ သန်း (ရူဘယ် ၂၁.၁ ဘီလီယံ) ဒဏ်ငွေချမှတ်ခဲ့ပါတယ်။ YouTube ဟာ “အစွန်းရောက်ဝါဒနဲ့ အကြမ်းဖက်ဝါဒကိုမြှင့်တင်တဲ့ ဗီဒီယိုတွေ” အပါအဝင် “တားမြစ်ထားတဲ့ Content တွေကိုဖယ်ရှားရန်” အမိန့်ကို လိုက်နာခြင်းမရှိတာကြောင့် လို့ ရုရှားက သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းကလည်း “တရားမဝင် YouTube ဗီဒီယိုတွေကို ဖယ်ရှားဖို့ ပျက်ကွက်ခြင်းကြောင့်” ဆိုပြီး Google ဆီက ရူဘယ် ၈ သန်း (အဆိုပါအချိန်က $94,675 ဝန်းကျင်ကစတင်) ကောက်ခံဖို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ဒီကတစ်ဆင့် Google နှစ်စဉ်ဝင်ငွေရဲ့ ၂၀% အထိ ဖြစ်လာနိုင်တယ်လို့ The Verge က ရေးသားဖော်ပြထားပါတယ်။

ရူဘယ် ၂၁.၁ ဘီလီယံဟာ နိုင်ငံတွင်း Google ရဲ့ နှစ်စဉ်လည်ပတ်မှု အပိုင်းကိုထင်ဟပ်နေပေမဲ့လည်း အမေရိကန်ကုမ္ပဏီအနေနဲ့ ဒဏ်ကြေးပေးဆောင်ခြင်းကို အမှန်တကယ် လုပ်ဆောင်မယ်၊ မလုပ်ဆောင်ဘူးဆိုတာတော့ မသေချာသေးပါဘူး။ (Google ဟာ The Verge ကို ဒီအကြောင်းနဲ့ပတ်သက်ပြီး မှတ်ချက်ပေးတုံ့ပြန်ခြင်း မရှိဘူးလို့ဆိုပါတယ်။)

Google ကလည်း သူ့ရဲ့ ရုရှားနိုင်ငံတွင်းလုပ်ငန်းတွေကို မေလမှာပိတ်ပစ်ဖို့ စီစဉ်ထားတယ်လို့ ကြေညာခဲ့ပြီး အစိုးရအာဏာပိုင်တွေကလည်း နိုင်ငံတွင်းက သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းခဲ့ပြီး ဌာနခွဲကို ဆက်လက်လည်ပတ်ရန် မဖြစ်နိုင်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ အမေရိကန်ကုမ္ပဏီကြီးရဲ့ ရုရှားလုပ်ငန်းခွဲဟာ ပြီးခဲ့တဲ့လက ဒေဝါလီခံဖို့အတွက် တရားဝင် တိုင်ကြားခဲ့ပါတယ်။

Ref: The Verge