ရုရှားနိုင်ငံဟာ ငွေပေးချေမှုနည်းလမ်းအဖြစ် Cryptocurrencies ကို မကြာခင်၊ ဒါမှမဟုတ် နောက်ပိုင်းကာလတွေမှာ တရားဝင် ခွင့်ပြုတော့မှာဖြစ်တယ်လို့ စက်မှုနဲ့ကုန်သွယ်ရေးဝန်ကြီး Denis Manturov က ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ပြောခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြလိုက်ပါတယ်။

ရုရှားအစိုးရနဲ့ ဗဟိုဘဏ်တို့အကြား မတူကွဲပြားမှုတွေကို ဖြေရှင်းဖို့ ပိုပြီးနီးကပ်လာဖွယ်ရှိတယ်လို့လည်း ဆိုပါသေးတယ်။ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်မှာ ရုရှားကယူကရိန်းကို သောင်းနဲ့ချီတဲ့တပ်ဖွဲ့ဝင်တွေ စေလွှတ်ခြင်းမပြုမီ ဘဏ္ဍာရေးဝန်ကြီးဌာနက ဗဟိုဘဏ်ရဲ့ အလုံးစုံပိတ်ပင်ရေးတောင်းဆိုမှုနဲ့ ဆန့်ကျင်တဲ့ဥပဒေပြုရေးဆိုင်ရာ အဆိုပြုချက်တွေကို တင်သွင်းခဲ့ပါတယ်။

Cryptocurrencies ဟာ တရားဝင်ငွေပေးချေမှုနည်းလမ်းဖြစ်လာမယ်လို့ ယုံကြည်လားဆိုတဲ့မေးခွန်းကို ဖိုရမ်မှာ Manturov ကိုမေးမြန်းခဲ့ကြပါတယ်။ “ဒီလိုဖြစ်လာရင် ဘယ်လိုထိန်းကျောင်းမလဲဆိုတဲ့မေးခွန်းအတွက် အခု ဗဟိုဘဏ်နဲ့အစိုးရက တက်ကြွစွာလုပ်ဆောင်နေပါတယ်” လို့ Manturov က ပြန်ပြီး ဖြေခဲ့ပါတယ်။

“အနှေးနဲ့အမြန်ဆိုသလိုပဲ ဒါကို အကောင်အထည်ဖော်မယ်၊ ဒါမှမဟုတ် တခြားနည်းတစ်ခုခုသုံးမယ်ဆိုတာကို လူတိုင်းက နားလည်လက်ခံထားပါတယ်” လို့လည်း Manturov က ဆိုပါသေးတယ်။ ရုရှားဟာ သူတို့ရဲ့ ကိုယ်ပိုင် ဒစ်ဂျစ်တယ်ရူဘယ်ကို ထုတ်ပေးဖို့အစီအစဉ်ရှိပေမဲ့လည်း ငွေကြေးခဝါချမှု ဒါမှမဟုတ် အကြမ်းဖက်မှုအတွက် ငွေကြေးထောက်ပံ့မှုလိုကိစ္စရပ်တွေအတွက် နှစ်ပေါင်းများစွာငြင်းခုံခဲ့ကြတာလည်း ဖြစ်ပါတယ်။

တစ်ဘက်မှာတော့ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး Elvira Nabiullian က ရုရှားနိုင်ငံသားတွေရဲ့ တစ်နှစ်ကို ဒေါ်လာ ၅ ဘီလီယံနီးပါးတန်ဖိုးရှိတဲ့ ငွေပေးငွေယူ လုပ်နေတဲ့ Cryptocurrencies မှာ ရင်းနှီးမြှုပ်နှံမှုကို ဘဏ်အနေနဲ့ လက်ခံနိုင်မှာမဟုတ်ဘူးလို့ ပြောခဲ့သလို ရောင်းဝယ်တာနဲ့ Mining လုပ်တာတွေကိုလည်း ပိတ်ပင်ဖို့ အဆိုပြုခဲ့ပါတယ်။

Cryptocurrencies အသုံးပြုခြင်းအတွက် စည်းမျဉ်းစည်းကမ်းတွေကို ဗဟိုဘဏ်က ရေးဆွဲမှာဖြစ်ပြီး အစိုးရက အတည်ပြုချမှတ်ပေးမှာဖြစ်တယ်လို့ Manturov ကဆိုပါတယ်။

Ref: Reuters