ပြီးခဲ့တဲ့နှစ်အနည်းငယ်တုန်းက Apple ကနေ US မှာ iPhone Upgrade Program ဆိုတဲ့နာမည်နဲ့ iPhone အသစ်ထွက်တိုင်း လစဥ်ကြေးပေးပြီး အသုံးပြုနိုင်တဲ့ Service တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ ပုံမှန်အားဖြင့် အဆိုပါ လစဥ်ကြေးနဲ့ ဖုန်းအသုံးပြုဖို့ကို Mobile Operator တွေကပဲ ဆောင်ရွက်တာဖြစ်ပေမယ့် Apple ဟာ စမတ်ဖုန်းကုမ္ပဏီအနေနဲ့ ပထမဆုံးဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။

အခုလည်း Samsung ကနေ US စျေးကွက်အတွက် Samsung Access Program ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အခု Samsung Access Program မှာ လောလောဆယ် Galaxy S20 Series ကိုအရင်ဆုံး လစဥ်ကြေးပေးပြီး အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ Samsung Access Program ကနေတစ်ဆင့် Samsung Galaxy S20 ဖုန်းကို တစ်လကို $37 (မြန်မာငွေ ၅ သောင်းဝန်းကျင်) ၊ Galaxy S20+ ကို တစ်လ $42 (မြန်မာငွေ ၆ သောင်းဝန်းကျင်) နဲ့ Galaxy S20 Ultra ဖုန်းကိုတော့ တစ်လ $48 (မြန်မာငွေ ၇ သောင်းခန့်) ပေးပြီး ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ တကယ်လို့ Samsung Premium Care နဲ့ Microsoft 365 ကိုပါ ဝယ်ယူမယ်ဆိုရင်တော့ နောက်ထပ်တစ်လကို $9 ဝန်းကျင်လောက်ကျသင့်မှာဖြစ်ပါတယ်။

အခုလို Samsung Access Program နဲ့ ဖုန်းဝယ်ယူမယ်ဆိုရင် ၉ လခန့်အသုံးပြုပြီးတာနဲ့ နောက်ထပ် Samsung Access Program ထဲမှာပါဝင်လာမယ့် Galaxy ဖုန်းအသစ်ကို အခမဲ့ပြောင်းလဲ Upgrade ပြုလုပ်နိုင်ဦးမှာဖြစ်ပါတယ်။ တကယ်လို့ ၉ လမတိုင်ခင် လဲလှယ်ချင်တယ်ဆိုရင်တော့ $100 ခန့် ထပ်ပေးဖို့ လိုအပ်မယ်လို့သိရပါတယ်။

တကယ်လို့ အခု Samsung Access Program နဲ့ Galaxy S20 ဝယ်ထားပြီး ဆက်လက်အသုံးမပြုချင်တော့ဘဲ ဖုန်းကို အပိုင်ယူထားမယ်ဆိုရင် ကျန်ရှိနေတဲ့ ဖုန်းတန်ဖိုးအပြည့်ပြန်သွင်းတာ သို့မဟုတ် ၃၆ လအထိ ကြာမြင့်မယ့် လစဥ်ကြေးသွင်းတာမျိုးကို ပြုလုပ်ပြီးမှပဲ ပြန်ထွက်လို့ရမှာဖြစ်ပါတယ်။ တကယ်လို့ ဖုန်းကို Samsung ကို ပြန်အပ်မယ်ဆိုရင်တော့ ပထမဆုံး ၃ လအတွင်းမှာ အခမဲ့ပြန်အပ်နိုင်မှာဖြစ်ပြီး ၃ လကျော်သွားရင်တော့ $100 ပေးဆောင်ရမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ယခု Samsung Access Program ဟာ Flagship ဖုန်းတစ်လုံးကို ဒေါ်လာထောင်နဲ့ချီပြီး ပေးစရာလည်းမလိုအပ်သလို နောက်ပိုင်းမှာထွက်ရှိလာမယ့် Flagship ဖုန်းတွေကိုလည်း အခမဲ့ Upgrade လုပ်နိုင်တဲ့အတွက် တော်တော်လေးကိုမိုက်တဲ့ Program တစ်ခုလို့ ပြောရမှာပါ။

Ref – XDA-Developers