Samsung ဟာ ဒီနေ့ခေတ်စမတ်ဖုန်းဈေးကွက်ကို ဦးဆောင်နေတဲ့ ကုမ္ပဏီကြီးပါ။ နည်းပညာပိုင်းမှာလည်း နောက်ကျကျန်မနေတတ်ဘဲ Foldable နဲ့ 5G Device တွေကို အောင်အောင်မြင်မြင် ထုတ်လုပ်ရောင်းချနေတာလည်း တွေ့မြင်နိုင်ပါတယ်။ ကင်မရာပိုင်းဆိုရင်လည်း Samsung စမတ်ဖုန်းတွေက ထိပ်ဆုံးမှာမဟုတ်ပေမယ့် နောက်ကျတဲ့အထဲ မပါဘူးလို့ ဆိုနိုင်ပါတယ်။

ဥပမာပြောရမယ်ဆိုရင် 64MP နဲ့ 108MP sensors တွေကို မိတ်ဆက်နိုင်ခဲ့တာပါပဲ။ အခုတော့ ကိုရီးယားအခြေစိုက်ကုမ္ပဏီကြီးက နောက်ထပ် ဆန်းသစ်မှုတစ်ခုကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတယ်လို့ သတင်းထွက်လာပြန်ပါတယ်။ အဲဒါကတော့ 600MP sensor အထိ ထုတ်လုပ်လာနိုင်ဖို့ ရည်ရွယ်နေတယ်ဆိုတဲ့ သတင်းပါ။

ဒီသတင်းဟာ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ Sensor Business Team ရဲ့ ခေါင်းဆောင် Yongin Park က ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ Park ရဲ့အဆိုအရ လူတွေရဲ့မျက်လုံးဟာ 500MP ဝန်းကျင်လောက်နဲ့ ကိုက်ညီကြောင်း၊ သူတို့အနေနဲ့ကတော့ စမတ်ဖုန်းအပြင် အခြား Application တွေမှာပါသုံးနိုင်တဲ့ Sensor တွေကို ပြုလုပ်ဖို့ ရည်ရွယ်ကြောင်း သိရပါတယ်။

တစ်ဘက်ကပြန်ကြည့်မယ်ဆိုရင် 600MP ကင်မရာအာရုံခံကိရိယာဆိုတာဟာ သူတစ်ခုတည်းဆိုရင်တော့ ဟုတ်နိုင်ပါတယ်။ ဒါပေမယ့် စမတ်ဖုန်းနဲ့ဆိုရင်တော့ အံဝင်ခွင်ကျ ဖြစ်ပါ့မလားလို့ မေးစရာရှိပါတယ်။ အကယ်၍ မဖြစ်မနေ သုံးချင်တယ်ဆိုရင်တော့ Pixel အရွယ်အစားကို ပိုပြီးကျုံ့သွားအောင် လုပ်ရမှာပါ။

HM1 နဲ့ HMX sensor တွေဟာ 0.8μm pixel size ရှိပါတယ်။ ဒီအရွယ်အစားဟာ မကြာသေးမီအချိန်မှာတော့ အသေးငယ်ဆုံးအရွယ်အစားဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာ Samsung က 0.7μm pixel ကိုအခြေခံတဲ့ အာရုံခံကိရိယာကို မိတ်ဆက်ခဲ့ပြီး ဒါဟာ နောက်ထပ်လည်း ကျုံ့သွားနိုင်တယ်လို့ မျှော်လင့်ရပါတယ်။ Park ကတော့ 600MP module အတွက် သတ်မှတ်ရက်ကိုမပြောခဲ့ပါဘူး။

Ref: GSM Arena