Samsung က Galaxy A42 5G အမည်ရ စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ ဓါတ်ပုံတွေကို Samsung က ပြသထားပေမယ့် Specs အပြည့်အစုံနဲ့ ဈေးနှုန်းကို မပြောသေးပါဘူး။ Galaxy A42 5G မှာ ၆.၆ လက်မ Super AMOLED မျက်နှာပြင် ထည့်သွင်းထားပြီး Resolution ကို မသိရသေးပါဘူး။ A41 မှာ 1080p မျက်နှာပြင်ကို အသုံးပြုထားတဲ့အတွက် A42 မှာလည်း အဲဒီ Resolution ကိုပဲ ထည့်သွင်းထားနိုင်ပါတယ်။

မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး အရွယ်သေး Notch မှာ ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ အနောက် ကင်မရာတွေ အကြောင်း ပြောရရင် စုစုပေါင်း ၄ လုံးပါလာပြီး A31 ထက် ၁ လုံး ပိုများပါတယ်။ ကင်မရာတွေရဲ့ အရည်အသွေးတွေနဲ့ စွမ်းရည်တွေကို မသိရသေးပါဘူး။ ညာဘက်အောက်က ၁ လုံးက Depth Sensor ဖြစ်နိုင်ပါတယ်။

Galaxy A42 5G ဟာ လက်ရှိ Samsung ရဲ့ ဈေးအချိူဆုံး 5G စမတ်ဖုန်း ဖြစ်တဲ့ Galaxy A51 5G ထက်တောင် ဈေးပိုချိုမှာပါ။ Galaxy A42 5G ရဲ့ သတင်းအချက်အလက် အပြည့်အစုံကို ဒီနှစ်နှောင်းပိုင်းမှာ ကြေညာမှာ ဖြစ်ပါတယ်။ Galaxy A40 နဲ့ Galaxy A41 ကို မတ်လမှာ ကြေညာခဲ့တာ ဖြစ်ပြီး ၁ နှစ်ကြာမှ စမတ်ဖုန်း မျိုးဆက်သစ် ကြေညာတဲ့ အစဉ်အလာကို Samsung က ဒီတစ်ကြိမ် ချိုးဖောက်တော့မှာပါ။

Ref : gsmarena