Samsung Galaxy Watch Series ရဲ့  နောက်ဆုံးထုတ် ကျန်းမာရေးစောင့်ကြည့်ပေးတဲ့ App မှာ သွေးဖိအား တိုင်းတာပေးတဲ့ စွမ်းရည် ထည့်သွင်းပေးလိုက်ပါတယ်။ အရင်ဆုံး သွေးဖိအား တိုင်းတာစက်ကို သုံးပြီး စမတ်နာရီက သွေးဖိအား တိုင်းတာမှု မှန်ကန်အောင် ချိန်ညှိပေးရမှာ ဖြစ်ပါတယ်။  ချိန်ညှိနည်းကို အောက်က ဗီဒီယိုမှာ လေ့လာနိုင်ပါတယ်။

ပြီးရင်တော့ သွေးဖိအား တိုင်းစက် မလိုတော့ဘဲ စမတ်နာရီကနေ သွေးဖိအား တိုင်းတာနိုင်ပါပြီ။ စမတ်နာရီက နှလုံးခုန်နှုန်းတိုင်းတာတဲ့ ဆန်ဆာကနေ  သွေးခုန်နှုန်းကို ခြေရာခံခြင်းဖြင့် သွေးဖိအား တိုင်းတာပေးတာ ဖြစ်ပါတယ်။ Samsung က Galaxy Watch Active2 ကို သုံးပြီး သွေးဖိအား တိုင်းတာဖို့နဲ့ တိုင်းတာတာ တိကျဖို့ ၁ လ ၁ ကြိမ် ဗီဒီယိုမှာ ပါတဲ့ အတိုင်း ချိန်ညှိပေးဖို့ လိုတယ်လို့ ပြောပါတယ်။

Samsung Health Monitor App အသစ်ဟာ ဖန်တီးနေဆဲ အဆင့်ပဲရှိသေးပေမယ့် တောင်ကိုရီးယားရဲ့ အစားအစာနဲ့ ဆေးဝါး လုံခြုံရေး ဝန်ကြီးဌာနက ခွင့်ပြုပေးလိုက်ပါပြီ။ အဲဒီအတွက် မကြာခင်မှာ အသုံးပြုနိုင်တော့မယ်လို့ ထင်ပါတယ်။

Galaxy Watch မှာ အရင်ဆုံး Setup လုပ်ပြီးရင် “ Measure my blood pressure” ကို နှိပ်ပြီး သွေးဖိအားကို တိုင်းတာနိုင်ပါတယ်။ စမတ်နာရီနဲ့ တွဲဖက် သုံးရတဲ့ စမတ်ဖုန်း App ဟာ သွေးဖိအား ဒေတာတွေကို ကာလရှည်ကြာ သိမ်းဆည်းထားပြီး နှိုင်းယှဉ်ပေးနိုင်တဲ့ အပြင် ကျန်းမာရေးအတွက် အကြံတွေ ပေးနိုင်ပါတယ်။

Ref : gsmarena