ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းက Samsung ဟာ တရုတ်မှာရှိတဲ့ LCD စက်ရုံကို TCL ဆီ ဒေါ်လာ ၁.၈ ဘီလီယံနဲ့ ရောင်းခဲ့ပါတယ်။ ဒါဟာ တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီးအတွက် အစပဲရှိသေးပုံရပါတယ်။ အခုလည်း Samsung Corning Glass က သူ့ရဲ့ စက်ရုံကို တရုတ်ကုမ္ပဏီတစ်ခုဆီ ရောင်းလိုက်ပြန်ပါပြီ။

Samsung Corning Glass ဟာ Samsung Display ရဲ့ လက်အောက်ခံကုမ္ပဏီတစ်ခုပါ။ ရောင်းလိုက်တာကတော့ တောင်ကိုရီးယား Gumi မှာရှိတဲ့စက်ရုံဖြစ်ပြီး ဝယ်ယူတာကတော့ တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့အကြောင်း TheElec က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Samsung Corning Glass ဟာ တောင်ကိုရီးယားမှာ စက်ရုံနှစ်ခုရှိတာဖြစ်ပြီး တစ်ခုက Gumi မှာ ဖြစ်သလို၊ အခြားတစ်ခုက Asan မှာ ဖြစ်ပါတယ်။ Gumi စက်ရုံကတော့ မျက်နှာပြင်တွေထက်မှာ အုပ်ဖို့ ပါးလွှာတဲ့ ဖလင်နဲ့ Solar panel တွေကို ဦးစားပေးထုတ်လုပ်တာ ဖြစ်ပါတယ်။ ဒီစက်ရုံဟာ Coat liquid crystal display တွေနဲ့ OLED တွေကို ထုတ်လုပ်ဖို့လည်း ဆောင်ရွက်ကြရပါတယ်။ ဒါ့အပြင် Touch screen panel တွေလည်း ထုတ်လုပ်ပါသေးတယ်။

Samsung Corning Advance Glass ဟာ ဒီလုပ်ငန်းကို လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းက Samsung Corning Precision Materials ဆီကနေ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ အခု ဒီစက်ရုံကို ပြန်ရောင်းလိုက်ရခြင်းအကြောင်းရင်းက Samsung ဟာ OLED display တွေထုတ်လုပ်ဖို့အတွက်ပဲ အာရုံစိုက်လာတာကြောင့်ဖြစ်တယ်လို့ နီးစပ်သူတစ်ဦးက အတည်ပြုပြောဆိုခဲ့တယ်လို့ သိရပါတယ်။

Asan စက်ရုံကတော့ OLED တွေအတွက် Glass တွေကို ထုတ်လုပ်နေနှင့်ပြီးဖြစ်တာကြောင့် Gumi က စက်ရုံကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာလို့လည်း သိရပါတယ်။ တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးဟာ အခုအချိန်မှာတော့ LCD panel ထုတ်လုပ်တဲ့ စက်ရုံတွေကိုရောင်းထုတ်နေပြီး OLED panel စီးပွားရေးကိုပဲ တစိုက်မတ်မတ် အာရုံစိုက်နေတာ ဖြစ်ပါတယ်။

Ref: Gizmochina