Samsung ဟာ မျိုးဆက်သစ် Galaxy S line အဖြစ် Galaxy S22 စီးရီးကို လာမဲ့နှစ်အစောပိုင်းမှာ မိတ်ဆက်မယ်လို့ သတင်းထွက်ထားပြီး Galaxy S22, S22+ နဲ့ S22 Ultra စတဲ့ မော်ဒယ်သုံးမျိုး ပါဝင်မယ်လို့ သိရပါတယ်။ Elec ရဲ့ ဖော်ပြမှုအရ Samsung ဟာ Galaxy S22 မော်ဒယ်ကို နိုင်ငံတကာဈေးကွက်အတွက်ရည်မှန်းပြီး ထုတ်လုပ်မှုစုစုပေါင်းရဲ့ ၅၀% အထိ ထုတ်လုပ်သွားဖို့ ပထမဆုံးအကြိမ်အဖြစ် ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

Galaxy S22 ဟာ Galaxy S21 ရဲ့ 6.2-inch ထက်သေးငယ်မဲ့ 6.1-inch မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ ဒီ Standard Galaxy S22 မော်ဒယ်ကို S22 စီးရီးစုစုပေါင်းရဲ့ ၅၀% ကနေ ၆၀% အထိ ထုတ်လုပ်သွားဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။ Galaxy S22+ ကိုတော့ ၂၀% အထိ ထုတ်လုပ်ဖို့ရည်ရွယ်ထားပြီး Galaxy S22 Ultra ကတော့ ၂၀% ကနေ ၃၀% အထိ ထုတ်လုပ်ဖို့ ရည်မှန်းထားကြောင်း သိရပါတယ်။

Galaxy S22 စီးရီးရဲ့ စုစုပေါင်း ခန့်မှန်းခြေထုတ်လုပ်မှုဟာ အလုံးရေ သန်း ၂၀ အထိ ရှိနိုင်မယ်လို့ Samsung က မျှော်လင့်ထားပါတယ်။ ဒီပမာဏဟာ ၂၀၂၁ မှာ ၃၃% နဲ့ Galaxy S21 အလုံးရေ သန်း ၃၀ ထုတ်လုပ်ခဲ့တာထက်တော့ လျော့နည်းသွားတယ်လို့ ဆိုရမှာပါ။

အကယ်၍ အခုထွက်ပေါ်လာတဲ့ ကိန်းဂဏန်းတွေသာ မှန်ကန်ခဲ့မယ်ဆိုရင် Galaxy S22 ယူနစ်ဟာ ၁၀ ကနေ ၁၂ သန်း ဝန်းကျင်အထိရှိနိုင်ပြီး Galaxy S22+ ယူနစ်ကတော့ ၄ သန်းဝန်းကျင်နဲ့ Galaxy S22 Ultra ယူနစ်က ၄ သန်းကနေ ၆ သန်း ဝန်းကျင်အထိ ဖြစ်လာနိုင်ပါတယ်။

တောင်ကိုရီးယား အခြေစိုက်နည်းပညာကုမ္ပဏီကြီးဟာ Galaxy S22 စီးရီးကို ယူနစ် သန်း ၂၀ ထုတ်လုပ်ဖို့စီစဉ်နေတယ်ဆိုပေမဲ့ တကယ်တမ်း အလုံးအရင်းလိုက်ထုတ်လုပ်ချိန်မှာ ဈေးကွက်ဝယ်လိုအားခန့်မှန်းတွက်ချက်မှုပေါ်မူတည်ပြီး အပြောင်းအလဲ ဖြစ်နိုင်ပါတယ်။ အကြောင်းက ပြီးခဲ့တဲ့ Galaxy S21 စီးရီးတုန်းကလည်း ယူနစ်ပေါင်း ၂၆ သန်း ရောင်းချမယ်လို့စီစဉ်ခဲ့ပေမဲ့ တကယ်တမ်းမှာတော့ သန်း ၃၀ အထိ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

Galaxy S22 စီးရီးထုတ်လုပ်မှု နည်းပါးနေရတဲ့အကြောင်းရင်းထဲမှာ ကမ္ဘာ့ကပ်ရောဂါကြောင့် Chip ထုတ်လုပ်မှု၊ ဆက်စပ်အစိတ်အပိုင်းထုတ်လုပ်မှုဖြစ်စဉ်တွေ ရဲ့ရိုက်ခတ်မှုကြောင့်လည်း ပါဝင်နိုင်ပါတယ်။ အထူးသဖြင့် ကမ္ဘာလုံးဆိုင်ရာ Chip ရှားပါးပြတ်လပ်မှုကြောင့် ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Samsung အနေနဲ့ Galaxy S22 line မှာ Exynos 2200 နဲ့ Snapdragon 898 SoC နှစ်မျိုးစလုံးကို အသုံးပြုမှာသေချာပါတယ်။

Ref: Phone Arena