Samsung ဟာ လက်ရှိအချိန်မှာ အကြီးမားဆုံး OLED Display ထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုလို့တောင် ပြောနိုင်နေပြီဖြစ်ပါတယ်။ အစောပိုင်းတုန်းက Samsung ကနေ အခုလိုမျိုး OLED Display တွေကိုပဲ ဦးစားပေးထုတ်လုပ်နေတဲ့အတွက် ယခု ၂၀၂၀ နှစ်ကုန်မှာ LCD Display ထုတ်လုပ်မှုကို ရပ်ဆိုင်းဖို့စီစဥ်ထားတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Samsung ကနေ စီစဥ်ထားတဲ့ ယခုနှစ်ကုန်အစား လာမယ့် ၂၀၂၁ ခုနှစ် မတ်လမှပဲ ရပ်ဆိုင်းသွားတော့မယ်လို့ သိရပါတယ်။ ဒါက ယခင်စီစဥ်ထားတဲ့အချိန်ထက် ၃ လခန့် နောက်ဆုတ်လိုက်တာပဲဖြစ်ပါတယ်။

အခုလိုမျိုး ၃ လခန့် နောက်ဆုတ်လိုက်တာက လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် LCD Display နဲ့ စမတ်ဖုန်းတွေရောင်းအားမြင့်တက်လာတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လောလောဆယ်မှာ ကုမ္ပဏီအတွင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ဝန်ထမ်း အတော်များများကလည်း အိမ်ကနေပဲ အလုပ်လုပ်ကိုင်နေတဲ့အတွက် အခုလိုမျိုး စီစဥ်ထားတဲ့အချိန်အတိုင်း ပိတ်သိမ်းဖို့ ခက်ခဲနေတာဖြစ်ပါတယ်။

Samsung ဟာ လက်ရှိအချိန်မှာ LCD Display Panel တွေကို South Korea မှာရှိတဲ့ Asan Plant စက်ရုံနဲ့ China မှာရှိတဲ့ Suzhou Plant စက်ရုံတွေမှာ ထုတ်လုပ်နေတာဖြစ်ပါတယ်။ China မှာရှိတဲ့ Suzhou Plant စက်ရုံကို COST (China Star Optoelectronics Technology) ကုမ္ပဏီကို ပြောင်းလဲရောင်းချသွားဖို့လည်း စာချူပ်ချူပ်ဆိုပြီးပြီလို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် လာမယ့်နှစ်အစောပိုင်းလောက်အထိ Samsung ကနေ LCD Display နဲ့ စမတ်ဖုန်းတွေကို ဆက်လက်မြင်တွေ့ရဦးမှာဖြစ်ပါတယ်။

Ref – Gizmo China