Samsung ကနေ ထုတ်လုပ်တဲ့ OLED Display တွေဟာ Quality ပိုင်းမှာကောင်းမွန်ပြီးတော့ လက်ရှိအချိန်မှာလည်း Flagship ဖုန်းအကုန်လုံးနီးပါးမှာ အသုံးပြုနေကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Samsung OLED Display တွေရဲ့ စျေးနှုန်းက မြင့်မားတဲ့အတွက် အခုနောက်ပိုင်းမှာ BOE လိုမျိုး တရုတ် Display ကုမ္ပဏီတွေက OLED စျေးကွက်မှာ တဖြည်းဖြည်းနေရာရရှိလာတယ်လို့ ပြောနိုင်ပါတယ်။

ဒါပေမယ့်လည်း အခုအချိန်မှာတော့ Strategy Analytics ကနေထုတ်ပြန်လိုက်တဲ့သတင်းတစ်ခုအရ Samsung ဟာ ယခုနှစ်ရဲ့ ပထမဆုံး ၃ လပတ်အတွက် Display စျေးကွက်ရှယ်ယာကို ဦးဆောင်ထားနိုင်ဆဲဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Report အရ Samsung ဟာ မနှစ်တုန်းကထက် စျေးကွက်ရှယ်ယာ ၃ ရာခိုင်နှုန်းတိုးတက်ခဲ့သလို စုစုပေါင်းဝင်ငွေ ဒေါ်လာ ၉ ဘီလီယံအထိရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီလိုမျိုး အောင်မြင်မှုကိုဆက်လက်ထိန်းထားနိုင်တာကလည်း စမတ်ဖုန်းတွေအများအပြားဟာ LCD Display ကနေ OLED Display ကို ပြောင်းလဲအသုံးပြုမှုများပြားလာတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ Strategy Analytics ကတော့ ယခုနှစ် ပထမ ၃ လပတ်မှာ OLED Display တွေအတွက် စျေးကွက်တောင်းဆိုမှုမြင့်တက်ခဲ့ပေမယ့် LCD Display ထုတ်လုပ်မှုတွေကတော့ Demand ကျဆင်းခဲ့တဲ့အတွက် လိုအပ်တာထက်ပိုပြီးထုတ်လုပ်မှုတွေဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung Display ဟာ စျေးကွက်ရှယ်ယာ စုစုပေါင်း ၅၂ ရာခိုင်နှုန်းနဲ့ နံပါတ် (၁) နေရာကိုထိန်းထားဆဲဖြစ်ပြီး အနောက်မှာတော့ BOE Technology နဲ့ Tianma Microelectronics လိုမျိုး ကုမ္ပဏီတွေက ရပ်တည်နေတယ်လို့ သိရပါတယ်။ လောလောဆယ်မှာ Samsung ဟာ LCD Display ထုတ်လုပ်မှုတွေကိုရပ်ဆိုင်းပစ်လိုက်ပြီး OLED Display နည်းပညာကိုပဲ အာရုံစိုက်နေတဲ့အတွက် နောက်ပိုင်းမှာလည်း စျေးကွက်ကိုဆက်လက်ဦးဆောင်သွားဖွယ်ရှိနေပါတယ်။

Ref – Gizmo China