Strategy Analytic ရဲ့ ဖော်ပြချက်အရ Samsung Display ဟာ ၂၀၂၀ ပြည့်နှစ်ရဲ့ ပထမသုံးလပတ်အတွင်း စမတ်ဖုန်း Display ဈေးကွက်ကို ဦးဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ နှစ်ဆန်းပိုင်းကစပြီး ကပ်ရောဂါပျံ့နှံ့မှုကြောင့် စီးပွားရေးလုပ်ငန်းတွေ ကမောက်ကမဖြစ်ခဲ့ကြပေမယ့် စမတ်ဖုန်းဈေးကွက်ကတော့ ဆိုးဆိုးဝါးဝါး ထိခိုက်ခြင်းမရှိဘူးလို့ ဆိုနိုင်ပါတယ်။

စမတ်ဖုန်းဈေးကွက်တစ်ခုလုံးဟာ နှစ်အလိုက်ဝင်ငွေတိုးတက်မှုအဖြစ် ၃% အထိ တိုးတက်လာတာကိုတွေ့ရသလို၊ စမတ်ဖုန်း Display ထုတ်လုပ်ရောင်းချမှုလုပ်ငန်းရဲ့ ဝင်ငွေကလည်း ပြီးခဲ့တဲ့ သုံးလပတ်အတွင်းမှာတင် ဒေါ်လာ ၉ ဘီလီယံ ရရှိခဲ့တာကို တွေ့ရပါတယ်။ ဒီသုံးလတာကာလအတွင်းမှာ Display ပိုင်းဈေးကွက်အခြေအနေက သိသိသာသာ ပြောင်းလဲသွားတာကိုလည်း တွေ့ရပါတယ်။

၂၀၂၀ ပထမသုံးလပတ်အတွင်း OLED ကို တောင်းဆိုမှုများလာပြီး LCD panel တွေကတော့ ဝယ်လိုအား ကျဆင်းသွားတာကို တွေ့ရပါတယ်။ ဒီလိုမျိုး သုံးစွဲသူအလေ့အထ ပြောင်းလဲလာခြင်းကြောင့် OLED panel တွေလည်း အရောင်းသွက်လာပြီး ကမ္ဘာ့ အကြီးဆုံး OLED panel ဖြန့်ချိသူဖြစ်တဲ့ Samsung ကလည်း ဝင်ငွေအားဖြင့် ပိုပြီးကောင်းမွန်လာခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ပထမသုံးလပတ်ကုန်ဆုံးချိန်မှာ Samsung Display ဟာ ကမ္ဘာလုံးဆိုင်ရာ စမတ်ဖုန်း Display ဈေးကွက်ရဲ့ ၅၂% အထိကို အုပ်စီးထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ Samsung Display ရဲ့ နောက်မှာတော့ BOE Technology နဲ့ Tinma Microelectronics တို့ ရှိနေကြပါတယ်။ တစ်ဘက်ကကြည့်ရင် OLED ရဲ့ ပြောင်းလွယ်ပြင်လွယ် Flexible နည်းပညာပိုင်းဆိုင်ရာ အောင်မြင်မှုကို သက်သေပြနေတယ်လို့လည်း ဆိုနိုင်ပါတယ်။

Samsung ဟာ ကမ္ဘာ့ဈေးကွက်ထဲက Flexible OLED ထုတ်လုပ်မှုကုမ္ပဏီတွေထဲမှာ အဓိကကုမ္ပဏီအဖြစ် ပါဝင်နေပြီး သူတို့ရဲ့နည်းပညာအောင်မြင်မှုကိုလည်း ပထမသုံးလပတ်ရဲ့ စာရင်းတွေက သက်သေပြနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် Strategy Analytics ကတော့ မဝေးတော့တဲ့ အချိန်ကာလအတွင်းမှာ စမတ်ဖုန်း Display ဈေးကွက်ဟာ COVID-19 ကပ်ရောဂါဆိုးကပေးတဲ့ ဆိုးကျိုးတွေကို စတင်ခံစားရဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

Ref: SamMobile