Samsung နဲ့ Huawei ဟာ လက်ရှိတကမ္ဘာလုံးစမတ်ဖုန်းစျေးကွက်ရဲ့ နံပါတ် (၁) နေရာကို ယှဥ်ပြိုင်နေကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လပိုင်းတုန်းက Huawei ကနေ Samsung ကို ပထမဆုံးအနေနဲ့ ကျော်တက်ပြီး ပထမနေရာကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုအချိန်မှာတော့ Gartner အမည်ရတဲ့ Market Research ကုမ္ပဏီတစ်ခုရဲ့ ဖော်ပြချက်အရ Samsung ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ဒုတိယ ၃ လပတ်မှာ Huawei ကို ကျော်တက်ပြီးတော့ စျေးကွက်ပထမနေရာကို ပြန်လည်ရရှိယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ အချိန်ဟာ ပြီးခဲ့တဲ့ ဧပြီလကနေ ဇွန်လအတွင်းကောက်ယူထားတာဖြစ်ပြီး Samsung အနေနဲ့ စမတ်ဖုန်းအလုံးရေ စုစုပေါင်း ၅၄.၈ သန်းခန့် တင်ပို့ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။

Huawei အနေနဲ့ ဒုတိယနေရာမှာရှိနေတယ်ဆိုပေမယ့် စမတ်ဖုန်းရောင်းချရမှုက အလုံးရေ ၅၄.၁ သန်းရှိနေတဲ့အတွက် Samsung ထက် အနည်းငယ်ပဲလျော့တာဖြစ်ပါတယ်။ ဒါပေမယ့် Samsung အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းကထက် ရောင်းအား ၂၇.၁ ရာခိုင်နှုန်းကျဆင်းခဲ့တဲ့အချိန်မှာ Huawei အနေနဲ့ ၆.၈ ရာခိုင်နှုန်းပဲ ကျဆင်းတာဖြစ်ပါတယ်။ အဲ့ဒီအတွက် နောက်လာမယ့် တတိယ ၃ လပတ်မှာ Huawei က စျေးကွက်ပထမနေရာကို ပြန်လည်ရယူနိုင်ဖို့များနေပါတယ်။

Gartner ရဲ့ ပြောကြားချက်ရတော့ Huawei ဟာ တရုတ်နိုင်ငံတွင်းမှာ ရောင်းအားကောင်းခဲ့တဲ့အတွက် အခုလိုမျိုး ရလဒ်က မနှစ်ကထက် သိသိသာသာဆိုးရွားခြင်းမရှိတာဖြစ်တယ်လို့ သိရပါတယ်။ Huawei ဟာ ၂၀၂၀ ဒုတိယ ၃ လပတ်မှာ တရုတ်နိုင်ငံစမတ်ဖုန်းစျေးကွက်ရဲ့ ၄၂.၆ ရာခိုင်နှုန်းအထိကို အပိုင်သိမ်းထားပြီး ပထမနေရာရရှိထားတာလည်းဖြစ်ပါတယ်။

ကျန်တဲ့ ၂၀၂၀ ခုနှစ် ဒုတိယ ၃ လပတ်ရဲ့ စမတ်ဖုန်းစျေးကွက်တတိယနေရာမှာတော့ Apple ကနေ စျေးကွက်ပိုင်ဆိုင်မှု ၁၃ ရာခိုင်နှုန်းနဲ့ ရယူထားတာဖြစ်ပါတယ်။ Apple အနေနဲ့ မနှစ်တုန်းကထက် ၀.၄ ရာခိုင်နှုန်းပဲ ရောင်းအားကျဆင်းတဲ့အတွက် ထိခိုက်မှုအနည်းဆုံး စမတ်ဖုန်းကုမ္ပဏီတစ်ခုလည်းဖြစ်လာပါတယ်။ Apple ရဲ့ နောက်မှာတော့ Xiaomi နဲ့ OPPO တို့ကနေ အသီးသီးရပ်တည်နေတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ၂၀၂၀ ခုနှစ်ဟာ လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် စမတ်ဖုန်းရောင်းအားသိသိသာသာကျဆင်းခဲ့ပြီး မနှစ်ကထက် စမတ်ဖုန်းရောင်းအား ၂၀.၄ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့တာဖြစ်ပါတယ်။

Ref – Phone Arena