တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Samsung ဟာ စမတ်ဖုန်းတွေသာမက ကိုယ်ပိုင် Chipset တွေကိုလည်း ဒီဇိုင်းဆွဲနိုင်တဲ့ ကုမ္ပဏီကြီးအနည်းငယ်ထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ Samsung ရဲ့ ကိုယ်ပိုင် Chipset တွေကတော့ Exynos တွေဖြစ်ကြောင်း စမတ်ဖုန်းကမ္ဘာမှာ သိပြီးသား ဖြစ်ပါလိမ့်မယ်။

အခုလည်း Samsung ဟာ Exynos 850 အကြောင်းကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီ Chipset ဟာ Mid-range ဖုန်းတွေအတွက် 5G modem ပါဝင်တဲ့ Chipset တစ်ခုဖြစ်ကြောင်းလည်း ထည့်သွင်းအသိပေးခဲ့ပါတယ်။ ကုမ္ပဏီဟာ သူ့ရဲ့ဝက်ဘ်ဆိုက်မှာ Mid-range ဖုန်းတွေအတွက် Exynos 850 နာမည်နဲ့ Chipset ကိုလည်း တိတ်တဆိတ် စာရင်းသွင်းထားပါသေးတယ်။

Exynos 850 ကို ပထမဆုံးအသုံးပြုထားတဲ့ ဟန်းဆက်ဟာ Galaxy A21s ဖြစ်ပြီး လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ ကြေညာခဲ့တာပါ။ Exynos 850 ဟာ 8nm Chip တစ်ခုဖြစ်ပြီး 2.0GHz အမြန်နှုန်း၊ ARM Cortex-A55 core တွေနဲ့ ပြုလုပ်ထားတဲ့ Octa-core CPU ဖြစ်ပါတယ်။ ဂရပ်ဖစ်ပိုင်းကိုလည်း ARM Mali-G52 GPU က ထမ်းဆောင်ပေးပါလိမ့်မယ်။

ဟာ့ဒ်ဝဲပိုင်းသဟဇာတဖြစ်စေဖို့အတွက် FHD+ (2520 x 1080pixels) display, LPDDR4x RAM, eMMC 5.1 storage စတာတွေကိုလည်း ထောက်ပံ့ပေးပါတယ်။ ကင်မရာပိုင်းအတွက်ကတော့ 16MP + 5MP dual-camera setup ဒါမှမဟုတ် 21.7MP ကင်မရာတစ်လုံး (အရှေ့ကင်မရာလည်း အလားတူဖြစ်) ကို ထောက်ပံ့ပေးနိုင်ပါတယ်။

ဗီဒီယိုရိုက်ကူးမှုအတွက် 60fps FHD ကို ထောက်ပံ့ပေးပြီး HEVC (H.265), H.264 နဲ့ VP8 တို့လို ဗီဒီယိုကုဒ်တွေကိုလည်း ထောက်ပံ့ပေးနိုင်ပါတယ်။ ဆက်သွယ်မှုအတွက်တော့ Cat.7 LTE DL (downlink), Cat.13 UL (Uplink), Wi-Fi 802.11ac, Bluetooth 5.0, FM Radio နဲ့ GPS, GLONASS, BeiDou နဲ့ Galileo တို့လို GNSS တွေကိုလည်း ထောက်ပံ့ပေးပါတယ်။

Exynos 850 nm chipset ကို အခုအချိန်မှာ အကြီးအကျယ်ထုတ်လုပ်နေတယ်လို့ သိရပြီး ဒီ Chipset တွေဟာ  Samsung Galaxy A နဲ့ M စီးရီး စမတ်ဖုန်းတွေကို ဈေးနှုန်းပိုပြီးသက်သာစေအောင် ဆောင်ကျဉ်းပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

Ref: Gizmochina