Samsung ရဲ့ ကိုယ်ပိုင်ချစ်ပ်ဆက် Exynos အမှတ်တံဆိပ်ဟာ လက်ရှိစမတ်ဖုန်း ချစ်ပ်ဆက်ဈေးကွက်မှာ Apple ကို ကျော်တက်ပြီး တတိယမြောက် အကြီးဆုံး Supplier နေရာကို ရရှိသွားခဲ့ပါပြီ။

Exynos ချစ်ပ်တွေဟာ ၂၀၁၉ ခုနှစ်အတွင်းမှာ ဈေးကွက်ရဲ့ ၁၄.၁% ကိုရရှိခဲ့ပြီး ၂၀၁၈ ခုနှစ်ထက် ၂.၂% တိုးတက်လာခဲ့ပါတယ်။ ဒါဟာ မြောက်အမေရိကနဲ့ အိန္ဒိယဈေးကွက်တွေရဲ့ တိုးတက်မှုတွေကြောင့်ဖြစ်ပြီး ကမ္ဘာ့ထိပ်တန်း Supplier ငါးဦးထဲမှာ Huawei နဲ့ Samsung တို့နှစ်ယောက်တည်းသာ တိုးတက်မှုရှိခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအချိန်မှာ ပြိုင်ဘက်ဖြစ်တဲ့ Apple ကတော့ ယခင်ထက် ဝ.၅% ကျဆင်းခဲ့ပြီး ဈေးကွက်ဝေစု ၁၃.၁% သာ ရှိတော့တာကြောင့် စတုတ္ထနေရာသို့ ဆင်းပေးလိုက်ရတာဖြစ်ပါတယ်။ သူ့နောက်မှာ Huawei ကုမ္ပဏီက ပဉ္စမနေရာကနေ ရပ်တည်နေပါတယ်။

Qualcomm ကတော့ စမတ်ဖုန်းဈေးကွက်မှာ ဆက်လက်မင်းမူနေဆဲဖြစ်ပြီး ဈေးကွက်ဝေစု ၃၃.၄% ထိ ရှိပေမယ့် သူ့နောက်က MediaTek ကလည်း ၂၄.၆% ထိ ရရှိခဲ့ကာ ဒုတိယနေရာမှာ အခိုင်အမာရပ်တည်နေဆဲဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်အတွင်းမှာ ဘယ်လိုဆက်ဖြစ်လာမလဲ ဆိုတာတော့ စိတ်ဝင်စားစရာကောင်းနေဆဲပါ။ Samsung ဟာ သူ့ရဲ့ ဘတ်ဂျက်ဖုန်းစီးရီးတွေနဲ့ ဈေးချို 5G ဖုန်းတွေမှာ MediaTek ချစ်ပ်ဆက်တွေကို သုံးစွဲလျက်ရှိသလို ဆက်လက်သုံးစွဲသွားဖို့လည်း ရှိနေပါတယ်။ အမြဲတမ်း Qualcomm ပဲသုံးလေ့ရှိတဲ့ OnePlus ကတောင် MediaTek Dimensity ချစ်ပ်ဆက်အသုံးပြုထားတဲ့ OnePlus 8 Lite ကို မိတ်ဆက်လာဦးမှာပါ။

Samsung ရဲ့ ချစ်ပ်ဆက်ဌာနခွဲကလည်း ရပ်တန့်နေမှာတော့မဟုတ်ပါဘူး။ Vivo ရဲ့ X30 ဖုန်းတွေလိုမျိုး သူ့ရဲ့ Exynos အတွက် ဖောက်သည်သစ်တွေ ရှာတွေ့နေပါပြီ။ ကိုယ်ပိုင် CPU စမ်းသပ်ထုတ်လုပ်မှုကို ရပ်တန့်ထားတဲ့ Samsung ဟာ AMD နဲ့ပေါင်းပြီး Radeon GPU နည်းပညာအား Exynos ချစ်ပ်ဆက်တွေဆီ ယူဆောင်လာဖို့ ပူးပေါင်းထားပါတယ်။

Ref – GSM Arena