Samsung Galaxy A04s နဲ့ပတ်သက်တဲ့ ပေါက်ကြားမှုကတော့ ပြီးခဲ့တဲ့ ဧပြီလနောက်ဆုံးပတ်လောက်က အထင်ရှားဆုံးပါပဲ။ အဲဒါကတော့ Galaxy A04s ရဲ့ ရုပ်ပုံတွေပေါက်ကြားခဲ့တာပါ။ ဒီနောက်ပိုင်းမှာ Galaxy S စီးရီးတွေအကြောင်း စိတ်ဝင်စားမှုမြင့်တက်သွားခဲ့ပြီး Galaxy A04s ရဲ့ သတင်းတွေက မှေးမှိန်နေခဲ့ပြန်ပါတယ်။

အခုတော့ Geekbench မှာ Galaxy A04s ကို မော်ဒယ်နံပါတ် SM-A047F နဲ့အတူ တွေ့ခဲ့ကြပါတယ်။ A04s ဟာ ပြီးခဲ့တဲ့မျိုးဆက် A03s ကို ဆက်ခံထားတယ်လို့ ဆိုနိုင်ပါတယ်။ Geekbench ရမှတ်တွေအဖြစ် Single Core မှာ 152 မှတ်နဲ့ Multi Core မှာ 585 မှတ် ရရှိထားတာကိုလည်း တွေ့ရပါတယ်။

Geekbench အရ ထပ်ပြီးသိနိုင်တာက Galaxy A04s ဟာ Samsung ရဲ့ အခြားဘတ်ဂျက်စမတ်ဖုန်းတွေဖြစ်တဲ့ Galaxy A13 နဲ့ Galaxy M13 တို့လိုပဲ Exynos 850 chipset ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒါကိုမှ 3GB of RAM နဲ့ တွဲဖက်ပေးထားပြီး Android 12 အခြေခံ One UI 4 မောင်းနှင်ထားတာကိုလည်း တွေ့ရပါတယ်။

ကနဦးပေါက်ကြားထားတဲ့ ရုပ်ပုံတွေအရ Galaxy A04s ဟာ ကျောဘက်မှာ ဒီဇိုင်းပိုင်းကို ပြန်ပြီးပြင်ဆင်ထားပုံရတဲ့ Camera တပ်ဆင်ပုံနဲ့ဖြစ်ပြီး အရှေ့ဘက်မျက်နှာပြင်မှာတော့ V-shaped notch နဲ့ဖြစ်ပါတယ်။ Galaxy A04s ဟာ 6.5-inch HD+ LCD (60Hz) မျက်နှာပြင်နဲ့ 5,000mAh ဘက်ထရီကို သယ်ဆောင်လာမယ်လို့ သိရပါတယ်။

Ref: GSM Arena