ပြီးခဲ့တဲ့ ၁ ပတ်ကပဲ Samsung Galaxy A32 5G ရဲ့  ဓါတ်ပုံတွေ Case နဲ့တကွ ပေါက်ကြားထွက်ပေါ်လာပြီး ဖုန်း ဒီဇိုင်းကို လေ့လာခွင့်ရခဲ့ပါတယ်။ အခုတော့ OnLeaks က အဲဒီ ဖုန်းရဲ့ CAD ဓါတ်ပုံတွေကို မျှဝေလိုက်ပြီး ဖုန်း ဒီဇိုင်းကို ပိုမို သိလာရပါတယ်။

OnLeaks က Samsung Galaxy A32 5G မှာ ၆.၅ လက်မ Infinity-V မျက်နှာပြင် ပါမယ်လို့ သတင်းပေးထားပါတယ်။ အနောက်ဘက်ဟာ ပြားချပ်တဲ့ ဒီဇိုင်း ဖြစ်ပြီး ပလတ်စတစ်နဲ့ ပြုလုပ်ထားကာ အရောင်တောက်ပြောင်ပါတယ်။ အနောက်ကင်မရာတွေ အကြောင်းပြောရရင် ၃ လုံးပါလာမှာ ဖြစ်ပြီး ဘယ်ဘက်အထက်နားမှာ ဒေါင်လိုက် တပ်ဆင်ထားပါတယ်။ ကင်မရာတွေဟာ ဖုန်း ကိုယ်ထည်ကနေ ၁ မီလီမီတာပဲ ငေါထွက်နေတဲ့အတွက် ဒီဇိုင်း လှပပါတယ်။ အနောက်ကင်မရာတွေရဲ့ Specs တွေကို မသိရသေးပေမယ့် LED ၁ လုံးနဲ့ ပူးတွဲထားတာ မြင်ရပါတယ်။

Samsung Galaxy A32 5G ရဲ့ အရွယ်အစား အပြည့်အစုံဟာ 164.2 x 76.1 x 9.1mm ဖြစ်ပြီး ညာဘက်က ပါဝါခလုတ်အောက်မှာလက်ဗွေရာ အာရုံခံ ကိရိယာကို မြှပ်နှံထားပါတယ်။ အသံခလုတ်တွေကိုလည်း ညာဘက်မှာပဲ တပ်ဆင်ထားပြီး ဘယ်ဘက်မှာတော့ SIM Card Slot ပါပါတယ်။ အောက်ခြေမှာ USB-C Port ၊ စပီကာ၊ မိုက်ကရိုဖုန်းနဲ့ နားကြပ်ပေါက်တွေကို မြင်ရပါတယ်။

Samsung Galaxy A32 5G ရဲ့ တခြား Specs တွေကို မသိရသေးပါဘူး။ ဒါပေမယ့် CAD ဓါတ်ပုံတွေထွက်လာပြီ ဖြစ်တဲ့အတွက် မကြာခင် သတင်းအချက်အလက်တွေ ပိုမို သိလာရတော့မှာပါ။

Ref : gsmarena