များသောအားဖြင့်တော့ စမတ်ဖုန်းတွေကို တရားဝင်မိတ်မဆက်ခင်မှာပဲ Case ထုတ်လုပ်သူတွေက ကြိုတင်ပြီး ပြင်ဆင်ထားနှင့်ပြီဖြစ်ပါတယ်။ ဒါမှလည်း စမတ်ဖုန်းကိုဈေးကွက်ထဲပို့ဆောင်လိုက်ချိန်မှာ ဆက်စပ်ပစ္စည်းအဖြစ်နဲ့အဆင်သင့် ရှိနေမှာဖြစ်ပါတယ်။ ဒီအတွက် Case တွေဟာ အမှန်တကယ်ထွက်ရှိလာမယ့် စမတ်ဖုန်းရဲ့ အရွယ်အစားနဲ့၊ ပုံသဏ္ဍာန်ကိုပြသတဲ့ သဲလွန်စတွေ ဖြစ်လာပါတော့တယ်။

အခုပေါက်ကြားထွက်ပေါ်လာတဲ့ Case ကတော့ လာမယ့် Samsung Galaxy A32 5G အတွက်လို့သိရပါတယ်။ အမည်မသိရတဲ့ Accessory maker တစ်ခုဆီကနေ ပေါက်ကြားထွက်ပေါ်လာတာပါ။ ပုံစံအရ Samsung ရဲ့ ဈေးအသက်သာဆုံး 5G ဖုန်းဖြစ်လာမယ့် Galaxy A32 5G လို့ယုံကြည်ရပါတယ်။ အခုမြင်ရတဲ့ Dimensions-based ဒီဇိုင်းဟာ နောက်ဆုံးထွက်လာမှာနဲ့တော့ အနည်းငယ်ကွာဟမှု ဖြစ်နိုင်ပါတယ်။

Case Render အရ Samsung Galaxy A32 5G ရဲ့မျက်နှာပြင်ကို Infinity-U နဲ့တွေ့မြင်ရပါတယ်။ ညာဘက်ဘောင်မှာတော့ အသံအတိုးအကျယ်ထိန်းချုပ်ခလုတ်နဲ့အတူ Fingerprint scanner ကို တွေ့မြင်ရပါတယ်။ အောက်ဘက်မှာ Headphone jack, USB-C port, စပီကာနဲ့ မိုက်ခရိုဖုန်းတွေအတွက် ဖြတ်တောက်ထားပါတယ်။ အခြားအသေးစိတ်အချက်အလက်ကို မသိနိုင်ပေမယ့် ကျောဘက်ကင်မရာတွေအခြေအနေကိုတော့ ဖော်ပြနေပါတယ်။

ကျောဘက်မှာတော့ အဓိကကင်မရာအပါအဝင် ကင်မရာသုံးလုံး တပ်ဆင်ထားမှာဖြစ်ပါတယ်။ LED ဖလက်ရှက်ကို နှစ်ခုတွေ့မြင်ရပြီး၊ ကနဦးသတင်းတွေအရ အဓိကကင်မရာဟာ 48MP ဖြစ်သလို၊ အခြားကင်မရာနှစ်လုံးမှာ တစ်လုံးက Ultra-wide နဲ့ ကျန်တစ်လုံးက 2MP depth sensor တို့ဖြစ်ကြောင်း သိရပါတယ်။ ဘာပဲဖြစ်ဖြစ် Samsung Galaxy A32 5G နဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေ ထွက်ပေါ်လာဖို့ သိပ်မကြာတော့ဘူးလို့ ယုံကြည်ရပါတယ်။

Ref: GSM Arena