Samsung ဟာ 5G ဈေးကွက်ထဲမှာ နောက်ကျမကျန်ခဲ့ဘူးဆိုပေမယ့်၊ ပိုပြီးကြီးမားကျယ်ပြန့်တဲ့ ဝေစုအတွက်တော့ ဈေးနှုန်းချိုသာတဲ့ 5G စမတ်ဖုန်းတွေ ဖြန့်ချိဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် တောင်ကိုရီယားအခြေစိုက်ကုမ္ပဏီကြီးဟာ သူတို့ရဲ့အကောင်းဆုံးကြိုးစားအားထုတ်မှုဖြစ်လာနိုင်တဲ့ Galaxy A32 5G ကို ဖြန့်ချိဖို့ လုံးပမ်းနေတာကို တွေ့ရပါတယ်။

Samsung Galaxy A32 5G ရဲ့ အသေးစိတ် Render တွေလည်းထွက်ခဲ့ပြီးဖြစ်သလို၊ FCC listing မှာလည်း ဒီဟန်းဆက်ကို တွေ့မြင်ခဲ့ရပြီး ဖြစ်ပါတယ်။ အခုအချိန်မှာတော့ A32 5G ကို Geekbench မှာ စမ်းသပ်မောင်းနှင်ထားတာကိုလည်း တွေ့မြင်လာကြရပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဟန်းဆက်မှာ MediaTek ရဲ့ Dimensity 720 chipset အသုံးပြုထားတာကိုလည်း အတည်ပြုနိုင်ပြီ ဖြစ်ပါတယ်။

Samsung Galaxy A32 5G ကို မော်ဒယ်နံပါတ် SM-A326B နဲ့အတူ Geekbench မှာ တွေ့မြင်ရပါတယ်။ Dimensity 720 နဲ့ RAM 4GB တို့ကိုတွဲစပ်ထားတဲ့ ဒီဟန်းဆက်ဟာ Single-core ရမှတ် 477 မှတ်နဲ့ Multi-core ရမှတ် 1,598 မှတ် ရရှိထားတာကို တွေ့မြင်ရပါတယ်။ ဒါ့အပြင် ကနဦး ကောလာဟလတွေအတိုင်း Android 11 မောင်းနှင်ထားတာကိုလည်း တွေ့မြင်ရပါတယ်။

6.5-inch မျက်နှာပြင်မှာ Waterdrop notch ကိုတွေ့မြင်ရပါတယ်။ ကျောဘက်မှာ ကင်မရာလေးလုံးတပ်ဆင်ထားပါတယ်။ ကင်မရာသုံးလုံးကိုတော့ တစ်တန်းတည်းထားရှိပြီး၊ စတုတ္ထမြောက် ကင်မရာကို ဘေးဘက်မှာ LED ဖလက်ရှ်နဲ့အတူတွဲထားတာဖြစ်ပါတယ်။ အဓိကကင်မရာဟာ 48MP ဖြစ်ကြောင်းသိရပေမယ့်၊ ကျန်သုံးလုံးအကြောင်းတော့ မသိရသေးပါဘူး။

ဟန်းဆက်ရဲ့ ညာဘက်ခြမ်းမှာတော့ Fingerprint reader ကို တပ်ဆင်ထားပြီး၊ အောက်ခြေမှာတော့ USB-C port၊ စပီကာ၊ မိုက်ခရိုဖုန်းနဲ့ Headphone jack တို့ပါရှိပါတယ်။

Ref: GSM Arena