လွန်ခဲ့တဲ့ နှစ်လကျော်လောက်ကတည်းက ပြောခဲ့ကြတဲ့ Samsung Galaxy A52 5G အကြောင်းဟာ အခုအချိန်ထိ Certification အကြောင်းပဲ ဖြစ်နေပါသေးတယ်။ ဒီလရဲ့ ပထမပတ်မှာပဲ တရုတ် 3C မှာ 15W charging နဲ့ Certification ရလာတာကြောင့် မကြာခင်မိတ်ဆက်တော့မယ်လို့ ထပ်ပြီးပြောခဲ့ကြပါတယ်။

အခုတော့ Galaxy A52 5G ဟာ Bluetooth SIG နဲ့ Wi-Fi Alliance တွေဆီကနေ Certification ထပ်ပြီး ရလာတာ ဖြစ်ပါတယ်။ ဒါဟာ ဒီဟန်းဆက်ကို ဈေးကွက်ထဲပို့ဖို့ ရက်သတ္တပတ်အနည်းငယ်ပဲလိုတော့တယ်ဆိုတာကို ပြသနေပါတယ်။ Certification တွေအရ ဟန်းဆက်ဟာ Dual-Band Wi-Fi နဲ့ Bluetooth 5.0 ကို ထောက်ပံ့ပေးမယ်လို့ သိရပါတယ်။

အသိအမှတ်ပြုလက်မှတ်တွေအရ မော်ဒယ်နံပါတ် SM-A526B ဟာ Dual-SIM ဖြစ်ပြီး၊ မော်ဒယ်နံပါတ် SM-A526N ကတော့ (ကိုရီးယား) မော်ဒယ်ဖြစ်ကြောင်း သိရပါတယ်။ Samsung အနေနဲ့ Galaxy A52 5G ရော 4G ပါ မော်ဒယ်နှစ်မျိုးစလုံးကို ဖြန့်ချိမှာ ဖြစ်ပါတယ်။ အဓိကကွာခြားချက်ကတော့ 5G မော်ဒယ်ဟာ Snapdragon 750G နဲ့ဖြစ်ပြီး LTE မော်ဒယ်က Snapdragon 720G chipset တွေသုံးထားတာပဲ ဖြစ်ပါတယ်။

Galaxy A52 ဟာ ကျောဘက်မှာ Prism ဒီဇိုင်းနဲ့ဖြစ်ပြီး၊ အရောင်သစ်ဖြစ်တဲ့ Teal color ပါ။ ပြီးခဲ့တဲ့ဒီဇင်ဘာလက ပေါ်ထွက်ခဲ့တဲ့ Render ကျောဘက်ကင်မရာကတော့ လေးလုံးတပ်ဆင်ထားတာကို တွေ့မြင်နိုင်ပါတယ်။ အခုအချိန်အထိတော့ ကင်မရာနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို မသိရသေးပါဘူး။ Samsung ဟာ Galaxy A52 နဲ့ Galaxy A72 တို့ကို လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်း ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena