Samsung ဟာ Mid Range ဖုန်းတွေထဲမှာ အောင်မြင်တဲ့ဖုန်းတစ်လုံးဖြစ်တဲ့ Galaxy A52 5G ဖုန်းကို မိတ်ဆက်ထားတာ အခုဆိုရင် အချိန်တစ်ခုရှိသွားပြီဖြစ်ပါတယ်။ အဆိုပါ Galaxy A52 5G ဟာ အောင်မြင်တဲ့ Mid Range ဖုန်းဖြစ်ပေမယ့် စွမ်းဆောင်ရည်ပိုင်း နဲ့ Fast Charging ပိုင်းမှာ တခြားသော စျေးနှုန်းတူဖုန်းတွေနဲ့ ယှဥ်ရင် အနည်းငယ်အားနည်းခဲ့ပါတယ်။

အဲ့ဒီအတွက် Samsung ကနေ အဆိုပါအပိုင်းတွေကို အဆင့်မြှင့်တင်ထားတဲ့ Galaxy A52s 5G ဖုန်းအသစ်ကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းမှာ Qualcomm ရဲ့ 6nm Architecture ကို အခြေခံထားတဲ့ Snapdragon 778G ကို အသုံးပြုထားပြီး X53 5G Modem လည်းပါဝင်လာမှာဖြစ်ပါတယ်။ CPU နဲ့ 5G စွမ်းဆောင်ရည်ပိုင်းတင် ပိုကောင်းလာတာမဟုတ်ဘဲ GPU ပိုင်းမှာလည်း ယခင် A52 5G ရဲ့ Adreno 619 အစား Adreno 642L ကို အဆင့်မြှင့်တင်ထားတာကြောင့် Gaming Performance ပိုင်းမှာလည်း ပိုတိုးတက်လာစေမှာဖြစ်ပါတယ်။

ကျန်တဲ့ Specs တွေအနေနဲ့ကတော့ RAM 6GB/128GB ၊ RAM 8GB/128GB သို့မဟုတ် RAM 8GB/256GB ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်သလို Storage ထပ်မံတိုးချဲ့ဖို့အတွက်လည်း MicroSD Card Slot ပါဝင်ဦးမှာဖြစ်ပါတယ်။

Battery ပိုင်းမှာတော့ 4500mAh Battery ကိုပဲ ဆက်လက်အသုံးပြုထားပေမယ့် ယခင် 15W Charging အစား 25W Fast Charging ကို Support ပြုလုပ်လာပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း 25W Fast Charging အနေနဲ့ အားသွင်းနိုင်ဖို့အတွက် သီးသန့် Fast Charger ဝယ်ယူဖို့ လိုအပ်မှာပါ။

Display ပိုင်းအနေနဲ့ 6.5″ FullHD+ 120Hz AMOLED Display ကို အသုံးပြုထားပြီး Under Display Fingerprint Sensor ကိုပဲ အသုံးပြုထားမှာဖြစ်ပါတယ်။ 32MP Selfie Camera ကိုလည်း Punch-hole Design အနေနဲ့ ထည့်သွင်းပေးထားပြီး နောက်ဖက် Camera Setup ကလည်း Galaxy A52 5G အတိုင်းပဲ 64MP Primary Sensor ၊ 12MP Ultrawide ၊ 5MP Macro နဲ့ 5MP Depth Sensor တွေပါဝင်တဲ့ Quad Camera Setup ကို အသုံးပြုထားပါတယ်။ IP67 Dust & Water Resistant ကိုလည်း Support ပြုလုပ်မှာဖြစ်ပါတယ်။

Samsung Galaxy A52s 5G ဖုန်းကို လာမယ့် စက်တင်ဘာလ ၃ ရက်နေ့မှာ Europe Region မှာ စတင်ရောင်းချသွားမှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ £410 (မြန်မာငွေ ၉ သိန်းကျော်) ကျသင့်မှာဖြစ်ပါတယ်။ အရောင်အနေနဲ့ကတော့ Awesome Black ၊ Awesome White ၊ Awesome Violet နဲ့ Awesome Mint ဆိုပြီး ၄ မျိုး ရွေးချယ်နိုင်မှာပါ။

Ref – GSM Arena