Samsung ရဲ့ Galaxy A တွေဟာ Mid-range နယ်ပယ်မှာ အတော်လေးနေရာယူထားကြတယ်လို့ ပြောနိုင်ပါတယ်။ အချို့မော်ဒယ်တွေဆိုရင် ဈေးနှုန်းချိုသာတဲ့ နယ်ပယ်အထိတောင် ခြေဆန့်ထားပါသေးတယ်။ ဈေးကွက်ကွာဟမှုကို ဖြည့်ဆည်းပေးနိုင်ဖို့ ပြောင်းလဲလိုက်တဲ့ Samsung ရဲ့ Galaxy A စီးရီး မဟာဗျူဟာရဲ့ အောင်မြင်မှုကတော့ အားလုံးထင်ထားတာထက်ကို ပိုတယ်လို့ ဆိုရမှာပါ။

အခုလည်း တောင်ကိုရီးယားအခြေစိုက်ကုမ္ပဏီကြီးက Galaxy A ထဲမှာ နောက်ထပ် Budget စမတ်ဖုန်းသစ်တစ်မျိုး ထုတ်ဖို့ပြင်ဆင်နေပါတယ်။ Budget အမျိုးအစားဆိုပေမယ့် ကျောဘက်မှာ ကင်မရာသုံးလုံး တပ်ဆင်ပေးထားမယ်လို့လည်း သိရပါတယ်။ ဒီဟန်းဆက်ကတော့ Galaxy A70e ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Galaxy A70e ဟာ Galaxy A70 နဲ့ Galaxy A70s တို့ရဲ့ ခြေရာကိုနင်းမယ့် မျိုးဆက်သစ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် မျက်နှာပြင်မှာတော့ Punch-hole ကို မသုံးထားဘဲ Notch ကိုပဲ သုံးထားမယ်လို့ Render ရုပ်ပုံအရ သိရပါတယ်။ Samsung ဟာ ထုတ်လုပ်မှုကုန်ကျစရိတ်ကိုလျှော့ချဖို့အတွက် Infinity-U panel ကို Infinity-V နဲ့အစားထိုးလိုက်ပြီး Bezel တွေနဲ့ Chin ကလည်း သိသိသာသာ ထူလာခဲ့ပါတယ်။

မျက်နှာပြင်ဟာ 6.1-inch အရွယ်အစားဖြစ်လာပြီး Fingerprint ကလည်း သမားရိုးကျပုံစံအတိုင်း ကျောဘက်ကိုယ်ထည်မှာ တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။ ကျောဘက်မှာ ကင်မရာသုံးလုံးကို ဒေါင်လိုက်တန်းစီပြီး တပ်ဆင်ပေးထားတာကိုတွေ့ရပေမယ့် ဈေးနှုန်းလျှော့ချထားတာကြောင့် Sensor တွေကိုတော့ အမြင့်ကြီးမျှော်လင့်ထားလို့ မရနိုင်ပါဘူး။

ကင်မရာတွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို မသိရသေးပေမယ့် ပုံမှန်အတိုင်း အဓိကကင်မရာ၊ Ultra-wide နဲ့ Depth sensor တွေပဲ ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။ Galaxy A70e ဟာ အလူမီနီယံကိုယ်ထည်နဲ့ ဖြစ်ဖွယ်ရှိပြီး ညာဘက်ခြမ်းမှာတော့ အသံအတိုးအချဲ့ခလုတ်နဲ့ ပါဝါခလုတ်တို့ကို တွေ့မြင်ရပါတယ်။

အပေါ်ဘက်မှာတော့ 3.5mm headphone jack ရှိနေတာတွေ့ရပြီး အောက်ဘက်မှာတော့ စပီကာပေါက်ရယ်၊ USB နဲ့ Mic ပေါက်တွေ ပါဝင်တာကိုတွေ့ရပါတယ်။ Budget အမျိုးအစားလို့ဆိုတာကြောင့် microUSB port ပဲဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။ အခုအချိန်ထိတော့ Galaxy A70e နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ ထွက်မလာသေးတာကြောင့် ဆက်ပြီးစောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: Phone Arena