လွန်ခဲ့တဲ့ရက်ပိုင်းကပဲ Samsung Galaxy A72 4G ကို မော်ဒယ်နံပါတ် SM-A725F နဲ့အတူ Geekbench benchmarking platform ပေါ်မှာတွေ့ခဲ့ရပါတယ်။ Geekbench အရ ဒီဟန်းဆက်ကို Qualcomm Snapdragon 720G SoC အသုံးပြုထားဖွယ်ရှိတယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ရက်ကတော့ Galaxy A72 4G ကို မော်ဒယ်နံပါတ် SM-A725F နဲ့ပဲ အိန္ဒိယရဲ့ BIS certification ရလာတာကို တွေ့မြင်လိုက်ကြရပြန်ပါတယ်။ ဒါကြောင့် Galaxy A72 4G ကို တရားဝင်မိတ်ဆက်ဖြန့်ချိမယ့်အချိန်က နီးကပ်နေပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဟန်းဆက်ဟာ Dual SIM ထောက်ပံ့ပေးမယ့်အကြောင်းလည်း သိခဲ့ရပါတယ်။

ကနဦးသတင်းတွေမှာတော့ Galaxy A72 ရဲ့ 5G ဗားရှင်းဟာ မော်ဒယ်နံပါတ် SM-A726B ဖြစ်တယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။ ဒါပေမယ့် မကြာသေးခင်က မြင်တွေ့ခဲ့တဲ့ Geekbench listing မှာတော့ Galaxy A72 4G ဗားရှင်းပဲ ဖော်ပြထားတာပါ။ Samsung အနေနဲ့ တူညီတဲ့ Device ကို ဗားရှင်းနှစ်မျိုးနဲ့ ထုတ်လုပ်တာ ပထမဆုံးအကြိမ်တော့ မဟုတ်ခဲ့ပါဘူး။

တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးဟာ Galaxy A51, A71 တွေကို 4G နဲ့ 5G ဗားရှင်းနှစ်မျိုးစီ ထုတ်ခဲ့ပါတယ်။ 4G device တွေကတော့ အိန္ဒိယမှာ (A51 4G, A71 4G) စသဖြင့် ဖြန့်ချိခဲ့ပြီး၊ 5G device တွေကိုတော့ ဥရောပနဲ့ အမေရိကဈေးကွက်တွေဆီ ပို့ဆောင်တာ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်နှစ်မှာ Galaxy A72 4G ရော 5G ဗားရှင်းကိုပါ တွေ့မြင်ရမှာတော့ သေချာသလောက် ဖြစ်နေပါပြီ။

Samsung အနေနဲ့ H2 2021 မှာ ဈေးနှုန်းချိုသာတဲ့ 5G ထုတ်ကုန်တွေကို ထုတ်လုပ်ဖြန့်ချိဖို့ စီစဉ်နေတယ်လို့ သတင်းထွက်ပေါ်ထားပါတယ်။ ဒါကြောင့် လာမယ့် ၂၀၂၁ ခုနှစ် ဒုတိယနှစ်ဝက်အတွင်း Samsung ရဲ့ ဈေးချိုတဲ့ 5G စမတ်ဖုန်းတွေကို မျှော်လင့်နိုင်တော့မှာ ဖြစ်ပါတယ်။

Ref: Gizmochina