တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Samsung ရဲ့ Galaxy Fold ဟာ ဈေးကွက်အရ ကန့်သတ်ချက်တွေရှိနေပေမယ့် အောင်မြင်တဲ့ထုတ်ကုန်ဖြစ်တယ်လို့ ဆိုရမှာပါ။ ဒါကြောင့် နည်းပညာနဲ့ စမတ်ဖုန်းပရိသတ်တွေကတော့ Samsung ရဲ့ Galaxy Fold 2 အကြောင်း သတင်းတွေကို နားစွင့်နေကြပြီ ဖြစ်ပါတယ်။

တောင်ကိုရီးယားကုမ္ပဏီကြီးဟာ Galaxy Fold 2 ထုတ်လုပ်မှုအတွက် အစောကတည်းက ပြင်ဆင်ပြီးသားဖြစ်နေပါပြီ။ ဒီအတွက် သတင်းတွေလည်း အတော်များများထွက်ခဲ့သလို အခုလည်း Galaxy Fold 2 နဲ့ပတ်သက်တဲ့ ကောလာဟလတစ်ခု ထွက်လာပြန်ပါတယ်။ အဲဒါကတော့ Galaxy Fold 2 မှာ S Pen ကို ချန်ထားခဲ့တယ် ဆိုတာပါပဲ။

Galaxy Fold 2 မှာ ဆန်းသစ်တဲ့ အရောင်တွေအဖြစ် Martian Green နဲ့ Astro Blue တို့ကို တွေ့မြင်ရမယ်လို့ ဆိုပါတယ်။ ဒီအရောင်တွေဟာ Fold အတွက် ပထမဆုံးလို့ ဆိုနိုင်ပါတယ်။ ဖုန်းဟာ မျက်နှာပြင်အနည်းငယ် ပိုကြီးလာပါလိမ့်မယ်။ ဒါပေမယ့် ခေါက်သိမ်းခြင်းဆိုင်ရာ နည်းပညာနဲ့ အခြားအခြေခံအကြောင်းတရားတွေကတော့ အရင်အတိုင်းပဲ ဆက်ရှိနေဦးမယ်လို့ သိရပါတယ်။

ကြီးမားတဲ့ခြားနားမှုကတော့ Galaxy Fold 2 ဟာ ၂၂၉ ဂရမ် အလေးချိန်ရှိမယ်ဆိုတာပါပဲ။ ဒါကြောင့် ၂၆၃ ဂရမ်ရှိတဲ့ Galaxy Fold ထက် ၁၅% ပိုပြီးပေါ့သွားတယ်လို့ ဆိုရမှာပါ။ ဒီအတွက် ချန်ထားခဲ့ရတာကတော့ S Pen ပဲဖြစ်တယ်လို့ ကောလာဟလတွေက ဆိုကြတာပါ။ သက်သေအထောက်အထားခိုင်ခိုင်လုံလုံမပြနိုင်သေးတဲ့ ကောလာဟလဖြစ်တဲ့အတွက် သတင်းမှန်ကိုသိရဖို့ စောင့်ဆိုင်းရဦးမှာလည်း ဖြစ်ပါတယ်။

Ref: GSM Arena