Samsung ကနေ မနှစ်တုန်းက Galaxy Fold စမတ်ဖုန်းအပြင် ဒီနှစ်အစောပိုင်းမှာလည်း Galaxy Z Flip နာမည်နဲ့ နောက်ထပ် Foldable ဖုန်းတစ်လုံးကို မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ Galaxy Z Flip စမတ်ဖုန်းဟာ Samsung အတွက် Galaxy Fold ရဲ့ မျိုးဆက်သစ်ဖုန်းအစား သီးသန့် Foldable ဖုန်းအနေနဲ့ပဲထွက်ရှိခဲ့တာပါ။

အဲ့ဒီအတွက် Samsung ကနေ လာမယ့်သြဂုတ်လဝန်းကျင်မှာ Galaxy Fold 2 စမတ်ဖုန်းကို Galaxy Note 20 Series ဖုန်းတွေနဲ့အတူ မိတ်ဆက်သွားဖို့ရှိနေပါတယ်။ အခုလည်း Galaxy Fold 2 နဲ့ ပတ်သက်တဲ့သတင်းတွေထွက်ပေါ်လာပြန်ပါပြီ။

အဆိုပါသတင်းတွေအရ Galaxy Fold 2 စမတ်ဖုန်းဟာ 120Hz Refresh Rate ရှိမယ့် 7.59″ 2213×1689 Resolution ရှိတဲ့ Display ပါဝင်လာမှာဖြစ်ပါတယ်။ မနှစ်တုန်းကလိုမျိုး Notch အစား Punch-hole Display ကိုပဲ Selfie Camera အတွက်အသုံးပြုလာမယ်လို့ သိရပြီးတော့ ဒါကလည်း Under-display Selfie Camera က အဆင်သင့်မဖြစ်သေးတာကြောင့်လို့ သိရပါတယ်။

Galaxy Fold 2 ဟာ Galaxy Z Flip စမတ်ဖုန်းလိုပဲ Plastic Display အစား Ultra Thin Glass (UTG) ကို ပြောင်းလဲအသုံးပြုလာမှာဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ သတင်းကောင်းတစ်ခုအနေနဲ့ Galaxy Fold 2 မှာ S-Pen ပါ ပါဝင်လာမယ်လို့ ဖော်ပြခဲ့ပါတယ်။ အပြင်ဘက်ခြမ်းက Cover Display အနေနဲ့ကတော့ Punch-hole Camera ပါဝင်တဲ့ 60Hz Refresh Rate ပါဝင်ပြီး 819×2267 Resolution ရှိတဲ့ 6.23″ Display ပါဝင်လာမှာပါ။

အဆိုပါသတင်းတွေကိုတော့ Display Supply Chain Consultants ရဲ့ Founder နဲ့ CEO ဖြစ်တဲ့ Ross Young ဆီကနေ သိရှိခဲ့ရတာဖြစ်ပြီး Supply Chain ကနေပေါက်ကြားလာတဲ့အတွက် အတည်ဖြစ်ဖို့ကဖြစ်နိုင်ခြေများပြားနေပါတယ်။

Ref – GSM Arena